မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ကြီးမြို့နယ် အလင်းရောင် ကျေးရွာစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနား တက်ရောက်
မန္တလေး စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နန္ဒာမြောက်ကျေးရွာတွင် မြန်မာနိုင်ငံ စာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုကော်မတီ၏ မတည်ငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူများ ထည့်ဝင်အလှူငွေကျပ် ၇၅ သိန်း တို့ဖြင့် ဆောက်လုပ်ထားသည့် အလင်းရောင် ကျေးရွာစာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန် နေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဧည့်သည်တော်ကြီးများအား နန္ဒာမြောက်ကျေးရွာ ကျောင်းသူများက လောကအားမာန် သီချင်းဖြင့် ကြိုဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အလင်းရောင် စာကြည့်တိုက် ကော်မတီနာယက ဦးအောင်လွင်တို့က စာကြည့်တိုက် အဆောက်အအုံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အလင်းရောင် စာကြည့်တိုက် သစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ကမ္ပည်းမော်ကွန်းအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး တာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည် ကြည့်ရှုလေ့လာကြသည်။
ကျေးရွာ စာကြည့်တိုက်များ ဖွင့်လှစ်ပေးမှုကြောင့် ဒေသခံ ပြည်သူများ အသိအမြင် ကြွယ်ဝကာ ကျေးလက်မှ မြို့ပြ၊ မြို့ပြမှ တိုင်း/ နိုင်ငံအထိ ကျေးလက်နေ ပြည်သူများ၏ ဘဝ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည်တို့ တိုးတက်မြင့်မား လာမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် ကျေးရွာနေ ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments