မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် ရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ရမည်းသင်းအကျဉ်းထောင်၊ မြို့မရဲစခန်း အချုပ်ခန်းနှင့် နေပြည်တော် တပ်ကုန်းမြို့ရှိ ကင်းသာ(၁) ကုန်ထုတ်စခန်းနှင့် ကင်းသာ(၂) ကုန်ထုတ်စခန်း တို့ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။
စက်တင်ဘာ ၁၇ ရက်တွင် ရမည်းသင်း အကျဉ်းထောင်အား ကော်မရှင်အဖွဲ့ဝင် ဦးဆောင်သော အဖွဲ့က ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံပြီး အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများရရှိခြင်း ရှိ၊ မရှိ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ ရောဂါ အခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ ကုသပေးမှု၊ သန့်ရှင်းသော သောက်ရေ ပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့် ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု၊ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်၊ အသက်မွေး ဝမ်းကျောင်းပညာသင်ကြားပေးနေမှု အခြေအနေ တို့ကို မေးမြန်းကြသည်။
ထို့အတူ အကျဉ်းသား/ အကျဉ်းသူများအား အကျဉ်းထောင်ဝန်ထမ်းများက လည်းကောင်း၊ အကျဉ်းသား အချင်းချင်းကလည်းကောင်း ညှဉ်းပန်း နှိပ်စက်မှု ရှိ/ မရှိ၊ ထောင်ဝင်စာလာရောက် တွေ့ဆုံသည့် အကျဉ်းသား မိသားစုဝင်တို့ကို ထောင်ဝင်စာ အခက်အခဲ ရှိ/ မရှိ၊ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိ စသည်တို့ကို မေးမြန်းပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူ သုံးဦးအား မေးမြန်း မှတ်တမ်းတင်ခဲ့ပြီး ယခင်အကြံပြု ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို လိုက်လံ စစ်ဆေးကြသည်။
အလားတူ စက်တင်ဘာ ၁၈ ရက်တွင် အကျဉ်း ဦးစီးဌာန ကင်းသာ(၁) ကုန်ထုတ်စခန်းနှင့် ကင်းသာ (၂) ကုန်ထုတ်စခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်အလိုက် စုစည်း တွေ့ဆုံပြီး အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုလာရောက်တွေ့ဆုံနိုင်မှု၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ အချိန်ပို အလုပ်ဆင်းစေမှု ရှိ၊ မရှိ၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု ရှိ၊ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိစသည်တို့ကို မေးမြန်းကာ သီးခြားတွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသားခုနစ် ဦးတို့အား မေးမြန်းမှတ်တမ်းတင်ကြသည်။
ထို့နောက် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင် ဆေးရုံခန်း၊ စာကြည့်တိုက်၊ ထောင်ဝင်စာ တွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာ ဂိုဒေါင်၊ ရေသန့်စက်၊ သုံးရေ/ ချိုးရေကန်များနှင့် အတွင်း/ အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ထောင်ဝင်စာ တွေ့ဆုံသည့် နေရာတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည့်အပြင် ယခင်အကြံပြုချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ထိုကဲ့သို့ ရမည်းသင်းအကျဉ်းထောင်၊ ကင်းသာ (၁) ကုန်ထုတ်စခန်းနှင့် ကင်းသာ (၂) ကုန်ထုတ် စခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်က လှူဒါန်းခဲ့သည်။
ထို့အတူ ရမည်းသင်း မြို့မရဲစခန်းအချုပ်ခန်းအား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရမန်ကာလ၊ အချုပ်ခန်းများတွင် နေထိုင်စဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု၊ တရားရုံးတွင် ရုံးထုတ်ချိန် ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို အချုပ်သား/အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးကြသည်။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေး တွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများသို့ ကော်မရှင် ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments