နေပြည်တော်အတွင်းရှိ မြို့နယ်များ၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ သဘာဝမြေဆွေးပြုလုပ်ခြင်း သရုပ်ပြပွဲနှင့် သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ပွဲ ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၅
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည်
နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်
ဇေယျာသီရိမြို့နယ် လေသာ-ဇီးကုန်း ကျေးရွာချင်း ဆက်လမ်းဘေးဝဲ၊ ယာ၌ ပတ်ဝန်းကျင်စိမ်းလန်း
စိုပြည်စေရေးနှင့် ရာသီဥတုမှန်ကန်စေရေးအတွက် မဟော်ဂနီ၊ ကျွန်း၊ ခရေ၊ စိန်ပန်း၊ ဆီသပြေ၊
မဲဇလီ စသည့် ပျိုးပင်များကို အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို
လှည့်လည်ကြည့်ရှုအားပေးပြီး ပျိုးပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ထို့နောက် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာရှေ့
ကျောက်ရောမြေသားလမ်းခင်းနေမှုနှင့် လမ်းဘေး ဝဲ၊ ယာ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုကို
ကြည့်ရှုစစ်ဆေးပြီး ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ ယာယီရှင်းလင်းဆောင်၌ကျင်းပသည့်
သဘာဝမြေဆွေး ပြုလုပ်ခြင်း သရုပ်ပြပွဲနှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲသို့
တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားတွင် နေပြည်တော်စိုက်ပျိုးရေး
ဦးစီးဌာနမှူးက သဘာဝမြေဩဇာပြုလုပ်ပုံ၊ ပြုလုပ်နည်းနှင့် နည်းစနစ်တကျ အသုံးပြုနည်းများကို
ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများထံ
သွင်းအားစုဓာတ်မြေဩဇာနှင့် နေကြာမျိုးစေ့များ ပေးအပ်ကာ နှမ်းရိုး၊ မြေပဲရိုး၊ ဖွဲနု၊
နွားချေး၊ EM (သက်ရှိအနုဇီဝပိုး)တို့ဖြင့် သဘာဝမြေဆွေးပြုလုပ်ထားရှိမှုနှင့် သရုပ်ပြဆောင်ရွက်နေမှုကို
ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ဝိုင်းအနီး
ရာဇသင်္ဂဟလမ်း လမ်းဘေးပလက်ဖောင်းများ ပြန်လည်ပြုပြင်နေမှုနှင့် လမ်းဘေးဝဲ၊ ယာ သန့်ရှင်းသာယာလှပစေရေး
ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် ပါတီစုံဒီမိုကရေစီ
အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင်
ဗိုလ်မှူးကြီးရဲမိုးက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်
လုံခြုံရေးဆိုင်ရာအစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို
ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
အောင်သူရဦး(ဒက္ခိဏ)
No comments