ကြယ်စုခရီးသည် သရီးအိုင်-အက်တလက်စ်ထံမှ ရေများပန်းထွက်နေသည်ကို လေ့လာတွေ့ရှိ
ပြီးခဲ့သည့်လပိုင်းအတွင်း
ဂြိုဟ်သား ယာဉ်ပျံလိုလို ကောလာဟလများ ထွက်ပေါ်ခဲ့သည့် ကြယ်စု ခရီးသည် သရီးအိုင်-အက်တလက်စ် ကြယ်တံခွန်မှ ရေများ မီးသတ်ပိုက်ခေါင်းမှ ပန်းထွက်သလို ပန်းထွက်နေကြောင်း သိပ္ပံပညာရှင်များက
ပထမဆုံးအကြိမ် ထောက်လှမ်းတွေ့ရှိခဲ့ကြသည်။
အမေရိကန် အာကာသအေဂျင်စီ နာဆာ၏
ဆွစ်ဖ်နက္ခတ္တမျှော်စင်မှ သိပ္ပံပညာရှင်များက
ထိုကြယ်တံခွန်ကို ယခုနှစ် ဇူလိုင်နှင့် ဩဂုတ်အတွင်း ဆွစ်ဖ်နက္ခတ္တမှန်ပြောင်းဖြင့်
လေ့လာခဲ့ကြခြင်း ဖြစ်သည်။ ထိုကာလမှာ ကြယ်တံခွန်သည် ကမ္ဘာထက် နေမှ သုံးဆမျှပိုဝေးသည့်နေရာတွင်
ရောက်နေချိန်ဖြစ်ရာ နေ၏အပူရှိန်ကြောင့် ရေငွေ့ပြန်မှုဖြစ်နိုင်ခြေ အနည်းဆုံးအချိန်လည်း
ဖြစ်သည်။
“ဒီလို ကြယ်စုခရီးသည် ကြယ်တံခွန်တစ်ခုဆီကနေ
ရေတင်မက အားပျော့တဲ့ ခရမ်းလွန်ပဲ့တင်သံကို
ဖမ်းယူရရှိတာဟာ ကျွန်တော်တို့အနေနဲ့ တခြားဂြိုဟ်စနစ်တစ်ခုရဲ့မှတ်စုကို ဖတ်နေရသလိုပါပဲ။ ဒါက အသက်ဇီဝဓာတုဖွဲ့စည်းမှုဟာ ကျွန်တော်တို့ဆီမှာပဲ
ရှိနေတာမဟုတ်ဘူးဆိုတာကို ပြနေပါ တယ်”ဟု အဆိုပါစာတမ်းကို ပူးတွဲရေးသားခဲ့သူ အော်ဘန်းတက္ကသိုလ်မှ
ရူပဗေဒပါမောက္ခ ဒင်းနစ်ဘိုဒီဝစ်က ရှင်းပြသည်။
ဆွစ်ဖ်မှန်ပြောင်းသည် နေကြောင့်
ကြယ်တံခွန်၏ ရေမော်လီကျူးများ ကွဲထွက်ပြီး ထွက်ပေါ်လာ သည့် ဟိုက်ဒရို ဇိုင်း(အိုအိပ်ချ်)ကြောင့် ဖြစ်လာသော ခရမ်းလွန်ရောင်ခြည် တောက်ပမှုကို ဖမ်းယူ
ရရှိခဲ့ခြင်းဖြစ်သည်။ ထိုတွေ့ရှိမှုအရ အကြမ်းဖျင်းအားဖြင့် ထိုကြယ်တံခွန်သည် တစ်စက္ကန့်လျှင်
ရေ ၄၀ ကီလိုဂရမ်လောက် စွန့်ထုတ်နေခြင်းဖြစ်ကြောင်းလည်း
သိရသည်။
သရီးအိုင်-အက်တလက်စ်ဟု အမည်ပေးထားရာတွင် အက်တလက်စ်သည် ပထမဆုံးတွေ့ရှိသည့် မှန်ပြောင်း၏အမည်ကို ပေးထားခြင်းဖြစ်သည်။ အိုင်မှာ အင်တာစတယ်လာကို ကိုယ်စားပြုပြီး
ကြယ်စုခရီးသည်ဟု ဆိုလိုသည်။ ကမ္ဘာမှ တွေ့မြင်နေကျ ကြယ်တံခွန်များမှာ နေမိသားစု၏ အစွန်အဖျားအထိသွားပြီး
နေကို ပတ်နေသည့် ကြယ်တံခွန်များသာ ဖြစ်သည်။
ယခုကြယ်တံခွန်မှာ နေမိသားစု ထဲမှမဟုတ်ဘဲ နဂါးငွေ့တန်းကြယ်စု၏ အခြားတစ်နေရာမှ လာရောက်သော
ကြယ်တံခွန်ဖြစ်၍ ကြယ်စုခရီးသည်ဟု သတ်မှတ်ခြင်းဖြစ်သည်။
သရီးမှာ တတိယမြောက်တွေ့ရှိမှု ကို ကိုယ်စားပြုသည်။
ထိုကြယ်တံခွန်မတိုင်ခင်က အလားတူ ကြယ်စုခရီးသည် ကြယ်တံခွန် နှစ်စင်း နေမိသားစုထဲသို့
ဝင်လာသည်ကို တွေ့ခဲ့ဖူးသည်။
အက်တလက်စ်မှ ယခုလို ရေပန်းထွက်နှုန်းသည်
ကြယ်တံခွန်၏ ရှစ်ရာခိုင်နှုန်းသော မျက်နှာပြင် ဧရိယာတို့ သက်ဝင်လှုပ်ရှားနေခြင်းကြောင့်ဟု
သိပ္ပံပညာရှင်များက တွက်ချက်ခဲ့ကြသည်။ ယင်းမှာ နေမိသားစုအတွင်းမှ ကြယ်တံခွန်များ၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိသာ
ရှိတတ်သော သက်ဝင်မျက်နှာပြင် ဧရိယာနှင့်ယှဉ်လျှင် များလွန်းနေ၍ အံ့ဩစရာဖြစ်နေသည်။
“ကြယ်စုခရီးသည်တိုင်းဟာ အံ့ဩစရာတွေချည်းပါပဲ”ဟု
အော်ဘန်းတက္ကသိုလ်မှ ပါရဂူဘွဲ့လွန် သုတေသီ
ဆယ်ရှီဆင်းက ဆိုသည်။ “အိုမွားမွားတုန်းက ခြောက်သွေ့တယ်။
ဘိုရီဆော့ဗ်တုန်းက ကာဗွန်မိုနောက်ဆိုက်တွေများတယ်။အခုအက်တလက်စ်ကျတော့ ကျွန်မတို့ ခန့်မှန်းမထားတဲ့
အကွာအဝေးတစ်ခုမှာ ရေတွေကို အများကြီးစွန့်ထုတ်နေတယ်။ တစ်ခုချင်းစီကတော့ တခြား ကြယ်တွေဘေးက
ဂြိုဟ်တွေ၊ ကြယ်တံခွန်တွေအကြောင်း ကျွန်မတို့ သိထားပြီလို့ ထင်ထားတာ တွေကို အသစ်တစ်မျိုး ပြန်ပြင်ရေးပေးနေကြတယ်” ဟုလည်း သူကဆိုသည်။
Ref: Space.com
No comments