မြောင်းမြမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲကျင်းပ

 


မြောင်းမြ နိုဝင်ဘာ ၂၆

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဘင်ခရာအဖွဲ့၊ ပန်းဖွားအကအဖွဲ့၊ တယောအဖွဲ့ များအားဆုချီးမြှင့်ငွေများပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။

 

ယင်းနောက် နိုဝင်ဘာ ၄ ရက်တွင် MCC Yangon ခန်းမ၌ Azalea Star အကအဖွဲ့က ဦးစီးကျင်းပ သော မြန်မာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော မြောင်းမြ မြို့ကိုယ်စားပြု အာဇားလီးယား စတားအဖွဲ့က “အာခါရိုးရာအက၊ မဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “လောကအားမာန် သီချင်း၊ အထက(၁) မြောင်းမြ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းသား ကျောင်းသူလေးများက “မြန်မာပြည်မှာ စာပေပဒေသာ ဝေဆာစေ သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြသော အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြောင်းမြပညာရေး ဒီဂရီကောလိပ်ပြခန်း၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးသိပ္ပံ(မြောင်းမြ)ပြခန်း၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)ပြခန်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ပြခန်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ဂုန်နီ)ပြခန်း၊ မဟာကိုယ်ပိုင် အထက်တန်းကျောင်း သင်ထောက်ကူပြခန်း၊ ဖွံ့ဖြိုးဝေစည် ဧရာဝတီရောင်စုံဓာတ်ပုံပြခန်း၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာအုပ်စာစောင်ပြခန်း၊ ထူးချွန်ထင်ရှား မြောင်းမြသားများပြခန်း၊ မျိုးဆက်သစ် ကိုယ်ပိုင်အထက်တန်းကျောင်း သင်ထောက်ကူပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြခန်း၊ သူနာပြုသင်တန်းကျောင်း(မြောင်းမြ) ပြခန်း၊ သစ်တောဦးစီးဌာန ပြခန်း၊ ရှေးဟောင်းသမိုင်းဝင် မြစိမ်းရောင် ပြခန်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ စသည့် ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.