ဗြိတိန်တော်ဝင်မင်းသား အန်ဒရူး မင်းသားဘွဲ့ရုပ်သိမ်းခံရပြီး ဝင်ဆာရဲတိုက်မှ ဖယ်ရှားခံရမည်
လန်ဒန် အောက်တိုဘာ ၃၁
ဗြိတိန်တော်ဝင်မင်းသား
အန်ဒရူးသည် ၎င်း၏မင်းသားဘွဲ့ရုပ်သိမ်းခံရပြီး ဝင်ဆာရဲတိုက်ဝင်းရှိ တော်ဝင်အိမ်ရာမှ
ဖယ်ရှားခံရမည်ဟု ဘာကင်ဟမ်နန်းတော်က အောက်တိုဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။
ဗြိတိန်ချားလ် ဘုရင်က မင်းသားအန်ဒရူး၏ ဘွဲ့ထူးဂုဏ်ထူးဆိုင်ရာ ဘွဲ့တံဆိပ်များကို
ရုပ်သိမ်းရန် တရားဝင်လုပ်ငန်းစဉ်ကို စတင်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
 မင်းသားအန်ဒရူးကို ယခုအခါ အန်ဒရူးမောင့်ဘက်တန် ဝင်ဆာဟု
ခေါ်ဝေါ်ရမည်ဖြစ်ပြီး ဝင်ဆာနန်းတော်မှ အခြားပုဂ္ဂလိကနေအိမ်သို့ ပြောင်းရွှေ့ရမည်ဟု
ကြေညာချက်တွင်ဖော်ပြထားသည်။ အရွယ်မရောက်သေးသူ များအား လိင်ပိုင်းဆိုင်ရာ
အလွဲသုံးစားလုပ်မှုအပါအဝင် စွဲချက်များဖြင့် တရားစွဲဆိုခံရပြီး ထောင်အတွင်း သေဆုံးခဲ့သည့်
အမေရိကန်ငွေကြေးလုပ်ငန်းရှင် ဂျက်ဖရီအက်ပ်စတိန်းနှင့် မင်းသား အန်ဒရူးသည်
နီးကပ်သည့် ဆက်ဆံရေးရှိသည်ဟု စွပ်စွဲခံထားရသည်။ 
အန်ဒရူးသည်
အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးနှင့် ဆက်ဆံခဲ့သည်ဟု စွပ်စွဲခံထားရသည်။
၎င်းအပေါ်စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၎င်း၏တော်ဝင်လုပ်ငန်းတာဝန်များကို
စွန့်လွှတ်ခဲ့သည်။ ယခုလအစောပိုင်းကလည်း ယော့ခ်မြို့စားဘွဲ့ကို အသုံးပြုခြင်း
မရှိတော့ဟု ကြေညာခဲ့သည်။
သို့သော်လည်း ဝေဖန်မှုများမှာ
ဆက်လက်မြင့်တက်ခဲ့သည်။ အန်ဒရူးက ၎င်းအပေါ်စွပ်စွဲချက်များကို ငြင်းဆိုထားသော်လည်း ယခုကဲ့သို့ပြုလုပ်ခြင်းမှာ
လိုအပ်သည်ဟုယူဆကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဗြိတိန်မီဒီယာများ၏ဖော်ပြချက်အရ
မင်းသား အန်ဒရူးသည် ဘုရင်၏ပုဂ္ဂလိကရန်ပုံငွေဖြင့် ထောက်ပံ့ပေးသော အိမ်တစ်လုံးသို့
ပြောင်းရွှေ့ရမည်ဖြစ်ပြီး ၎င်း၏ဘွဲ့များကိုရုပ်သိမ်းရန် ချားလ်ဘုရင်၏
ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ခြင်းမရှိဟု သိရသည်။
ဆင်ဟွာ၊
အင်န်အိတ်ချ်ကေ
No comments