ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ဧက ၈၈၀ အထိ စိုက်ပျိုးပြီးစီး
ပွင့်ဖြူ နိုဝင်ဘာ
၆
မကွေးတိုင်းဒေသကြီး
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် မြေပဲဧက ၈၈၀ အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ၂၉၃၈ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် အောက်တိုဘာပထမပတ်မှ
စတင်စိုက်ပျိုးခဲ့ရာ နိုဝင်ဘာ ၅ ရက် တွင် ဧက ၈၈၀ အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊
တောင်သူများ မြေပဲသီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် အခက်အခဲမရှိ အဆင်ပြေစွာ
စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း
သိရသည်။
“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ
ပွင့်ဖြူမြို့နယ်အတွင်း ဆီထွက်သီးနှံ မြေပဲကို ၂၉၃၈ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။
ဒီနေ့ အထိ ဧက ၈၈၀ စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့
ဆောင်ရွက်နေပါတယ်။ မြေပဲစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေ အခက်အခဲမရှိ စိုက်ပျိုးနိုင်ဖို့၊
အထွက်နှုန်းများ တိုးတက်စေဖို့အတွက် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို
ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးနေပါတယ်။ ဒီဒေသမှာက ဆီထွက်သီးနှံစိုက်ပျိုးမှုအနေနဲ့ကတော့
အောင်မြင်တဲ့အနေအထားမှာ ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးဝေက
ပြောသည်။
ပွင့်ဖြူမြို့နယ်၌
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြေပဲစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက
မြေပဲစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ
ရွေးချယ်စိုက်ပျိုးရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ဘက်စုံသီးနှံပိုးမွှားရောဂါ
ကာကွယ်နှိမ်နင်းရေး စသည့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြေပဲကို အထွက်နှုန်းတိုးတက်အောင်
စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ်
တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့်
မြေပဲကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး
ဒေါ်မိုးမိုးဝေက ပြောသည်။
လှိုင်ဝင်းလေး
(ပွင့်ဖြူမြေ)

No comments