ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်း ကော်ဖီစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှု ကြည့်ရှုအားပေး

 


ပုသိမ် နိုဝင်ဘာ ၂၄

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် မြောင်းမြခရိုင်အတွင်း၌ ကော်ဖီစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုအားပေး

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာ ရွှေခြင်္သေ့ ရော်ဘာခြံအတွင်းရှိ တောင်သူ ဦးညွန့်ဝေ၏ စိုက်ဧက ၁၀ ဧက၌ မြေပြန့်ကော်ဖီ(ရိုဘက်စတာ) ကော်ဖီမျိုး စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် တောင်သူ ဦးညွန့်ဝေက စတင်စိုက်ပျိုးမှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေခြင်္သေ့ရော်ဘာခြံအတွင်း ရော်ဘာ ကုန်ကြမ်းထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီပိုင်ရှင်က ရော်ဘာပင်များကို ၂၀၁၀ ပြည့်နှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ၁၀ နှစ်သား အရွယ်တွင် ရော်ဘာအစေးများ စတင်ခြစ်ယူခဲ့မှု၊ နှစ်အလိုက်ရော်ဘာထွက်ရှိမှု၊ ရော်ဘာပြားများ ထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်စေရေး၊ ဖြစ်ထွန်း အောင်မြင်အောင်စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည် အသွေးပြည့်မီစေရေး၊ ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်နိုင်သည်အထိ နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြှင့်ထုတ်ကုန် များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြောင်းမြမြို့နယ် သိလ္လာကျေးရွာရှိ ပိုင်ရှင် ဦးစိုးနိုင်၏ ရိုဘက်စတာ မြေပြန့်ကော်ဖီ ၅ ဒသမ ၅ ဧက၊ သီဟိုဠ် ၂၇ ဧက၊ ပီလောပီနံ ၁၀ ဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့ ဒီဧရာ စက်မှုလက်မှုအလုပ်ရုံသို့ သွားရောက်၍ မျိုးစေ့ချကိရိယာများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လက်ရှိမျိုးစေ့ချကိရိယာ ထုတ်လုပ်မှုအခြေအနေများ၊ တိုင်း‌ဒေသကြီးအတွင်း ဖြန့်ဖြူးမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.