ပျဉ်းမနားမြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းပို့ချ

 


နေပြည်တော် နိုဝင်ဘာ ၂၅

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးကြသည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်က ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်း စဉ်အဆင့်ဆင့်ကို ဆောင်ရွက်ရာ၌ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်ကြောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ ထိန်းချုပ်စက် ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေး အစရှိသည့် မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းမှာကြားသည်။

 

ထို့နောက် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိတို့က သင်ကြားပို့ချပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။

 

သင်တန်းကို နိုဝင်ဘာ ၂၄ ရက် မှ ၂၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသား သင်တန်းသူ များအား ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ တရားမဲ့ပြုကျင့်မှုများ၊ ဆောင်ရန်ရှောင်ရန်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် ကဏ္ဍများကို သင်ကြားပို့ချပေးကာ အီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ သင်ကြားပေးသည်။

 

ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် သင်တန်းများသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.