စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး(၁၀/၂၀၂၅) တက်ရောက်

 


မုံရွာ နိုဝင်ဘာ ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဝင်ရောက်လာစေရန်နှင့် လက်ရှိလည်ပတ်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြင့် အခက်အခဲ ကြန့်ကြာမှု မရှိအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် ဆက်စပ်ဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ တိုးမြှင့်ဝင်ရောက်လာစေရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှု လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ကော်မတီ အတွင်းရေးမှူးတို့က ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် Heli Myanmar Co.,Ltd (ဟယ်လီ မြန်မာ ကုမ္ပဏီလီမိတက်)က စစ်ကိုင်းမြို့တွင် SKD စနစ်ဖြင့် Forklift အမျိုးမျိုး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် နှစ်ဘီးဆိုင်ကယ် တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Great Sapphire Co.,Ltd (မဟာနီလာ ကုမ္ပဏီလီမိတက်)က ရင်းနှီးမြှုပ်နှံသည့် အရပ်ဒေသ၏ မြေဧကလျှော့ချပြင်ဆင် ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများ ကို ရှင်းလင်းပြောကြားကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.