ပြင်ဦးလွင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
ပြင်ဦးလွင် နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးတို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မင်္ဂလာမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေကြသော ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးနှင့် ပြင်ဦးလွင် မြို့နယ် မြို့မိမြို့ဖဥက္ကဋ္ဌ ဦးအောင်မြင်တို့က ကျောင်းစာ ကြည့်တိုက်အတွက် စာအုပ် စာစောင်များ ပေးအပ်လှူဒါန်းသည်။ ထို့နောက် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြခန်းများ၊ ပြိုင်ပွဲများ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသထားမှုနှင့် စာအုပ် ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments