မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပ
ရန်ကုန် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ် ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီအစည်းအဝေးနှင့် တတိယအကြိမ်မြောက် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် သဘာပတိဦးစိုးမြ၊ နာယကဦးမောင်ကိုနှင့် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူး ဦးတင်ရွှေက အမှုဆောင်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းခြင်း၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဖြည့်စွက် ပြင်ဆင်ခြင်းကို ရှင်းလင်းတင်ပြခြင်းနှင့် ဆန္ဒခံယူခြင်းတို့ ဆောင်ရွက်သည်။
ယင်းနောက် ဘဏ္ဍာငွေရှာဖွေရေးနှင့် ထိန်းသိမ်းရေးကော်မတီမှ ဘဏ္ဍာရေးမှူး ဦးမောင်မောင်တာက ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ် (၂၀၁၆-၂၀၂၅) သက်တမ်းအတွက် အမှုဆောင်အဖွဲ့ဝင်ဟောင်းများ နုတ်ထွက်ကြောင်းနှင့် ရွေးချယ်တင်မြှောက်ပွဲ ကြီးကြပ်ရေးကော်မရှင်က အမှုဆောင်ရွေးချယ်ခံစာရင်း ဖတ်ကြားကြေညာပြီး အလှူငွေများ လှူဒါန်းထားရှိမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ကြသည်။
ထို့နောက် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ် (၂၀၂၅-၂၀၃၀) သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဦးကျော်ဌေးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကျော်(ပြန်/ဆက်)

No comments