တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ လပွတ္တာမြို့နယ်သို့ ရောက်ရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး



နေပြည်တော် နိုဝင်ဘာ ၂၉

 

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်း သွားဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြောင်းမြမြို့နယ် စကားမြားကျေးရွာမှ ပြန်လည်ထွက်ခွာ၍ မွန်းလွဲပိုင်းတွင် လပွတ္တာမြို့နယ်သို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

 

အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် လပွတ္တာမြို့နယ် ထွန်းတံတားဆိပ်ခံ၌ အခြေပြု၍ အဆိုပါမြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၆၈ ဦး၊ ခွဲစိတ်ရောဂါ ၂၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၆၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၂၉ ဦး၊ မျက်စိရောဂါ ၄၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၂၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာတစ်ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ Ultrasound စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၂၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ရှစ်ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၈ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည် -

 

ဦးဇင်းက လပွတ္တာမြို့နယ် အမှတ်(၇)ရပ်ကွက် သရက်တော ပရိယတ္တိ စာသင်တိုက်ကနေလာပြတာ ဖြစ်ပါတယ်။ ဦးဇင်းလာပြတာက မျက်စိကြည့်လို့မကောင်းဘူး။ စာဖတ်လို့ အဆင်မပြေဘူး။ ဒါကြောင့် မျက်စိနဲ့ပတ်သက်ပြီး လာပြတာဖြစ်ပါတယ်။ ဆရာဝန်ကလည်း သေသေချာချာလေး စစ်ဆေးပြီးတော့ လိုအပ်တာလေးတွေလည်း ညွှန်ကြားပေးပါတယ်။ အားလုံးလည်း အဆင်ပြေပါတယ်။ မြို့သူမြို့သားတွေ အနေနဲ့ကတော့ ဝမ်းပန်းတသာနဲ့ လာရောက်ကြတဲ့သူတွေ အများကြီးပဲ။ အများပြည်သူတွေကို လာရောက်ကြည့်ရှုပြီးတော့ ကုသပေးတဲ့အတွက် ဆရာဝန်၊ ဆရာမတွေနဲ့တကွ ဌာနဆိုင်ရာသက်ဆိုင်သူ အားလုံးကျန်းမာချမ်းကြပြီး ဒီထက်မကလည်း ပညာတွေတိုးပွားကာ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်နိုင်ကြပါစေလို့ ဦးဇင်းက ဆုမွန်တောင်းပါတယ်။

 

လပွတ္တာမြို့ သုံးမိုင်မြို့နယ်(၃)ရပ်ကွက်ကနေ လာရောက်ဆေးကုသမှုခံယူတာ ဖြစ်ပါတယ်။ ညာဘက်မျက်စိက ရေတိမ်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒါကြောင့်မို့ ကျွန်တော် တပ်မတော် နယ်လှည့်ဆေးကုသမှုအဖွဲ့လာလို့ လာပြတာပါ။ ဝမ်းလည်းဝမ်းသာပါတယ်။ ခုလိုမျိုးလာပြီးတော့ ဂရုတစိုက်နဲ့ လာရောက်ကုသပေးတဲ့အတွက် ကျွန်တော်တို့ လပွတ္တာမြို့သူမြို့သားများကိုယ်စား ကျွန်တော်က ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

 

သတင်းစဉ်




No comments

Powered by Blogger.