ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ကောက်ခံရရှိရေး ဆွေးနွေး
ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉
ရန်ပုံငွေမှ ချေးငွေပမာဏ ကျပ်သိန်းနှစ်ရာနှင့်အထက် ထုတ်ယူထားသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များထံမှ
ချေးငွေအမြန်ဆုံး ပြန်လည် ကောက်ခံရရှိရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့
မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးစိုးသိန်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊
လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌက ချေးငွေအမြန်ဆုံး
ပြန်လည်ပေးဆပ်နိုင်ရေးနှင့် ချေးငွေထုတ်ယူထားသော လုပ်ငန်းရှင်များက အထွေထွေ ဆွေးနွေးတင်ပြကြပြီး
ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်သုံးသပ်ဆွေးနွေးသည်။
အလားတူ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်
ပြည်နယ်အားကစား ပြိုင်ပွဲများတွင် တံခွန်စိုက်ဆု ဖလားများနှင့် ပထမအဆင့်ရရှိအောင် စွမ်းဆောင်ခဲ့ကြသော
အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့ရုံး၌ကျင်းပရာ အမျိုးသား တံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဆုများ
ရရှိကြသည့် အောင်ပွဲရအားကစား အဖွဲ့များက ဆုဖလားများကို တိုင်းဒေသကြီး အားကစားနှင့်
ကာယပညာ ကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်းအပ်နှံသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဆုရအားကစားအဖွဲ့များ၊ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ
ပေးအပ်သည်။
ညပိုင်းတွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား
ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ဆုရရှိသူများအား
ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments