ရှမ်းပြည်နယ် အင်းလေးဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

 



ညောင်ရွှေ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ် အင်းလေးဒေသ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ အခြေခံပညာ အထက်တန်းကျောင်း (သာလေး) ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖွင့်ပွဲအခမ်းအနား တွင်ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းဘင်ခရာ တီးဝိုင်းအဖွဲ့များနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆို/အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြသည့် ကာယ/ဉာဏ ပြိုင်ပွဲများနှင့် ခင်းကျင်းပြသထားသည့် ဓာတ်ပုံများနှင့် စာအုပ်/စာ​စောင်များကို လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ အထက(သာလေး)မှ ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများ ပွင့်ကြပြီတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် MRTV မှ စီစဉ်ထုတ်လွှင့်သည့် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ Video Clip ကို ဖွင့်လှစ် ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ကမ္ဘာကျော် အင်းလေး ဒေသသည် တည်ငြိမ်အေးချမ်းမှုရှိပြီး သာယာလှပမှုကြောင့် ခရီးသွားလုပ်ငန်းအပါအဝင် ဘက်စုံဖွံ့ဖြိုး တိုးတက်လျက်ရှိကြောင်း၊ ငလျင်ဘေးဒဏ်သင့်ခဲ့သော်လည်း နိုင်ငံတော်အစိုးရ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ တပ်မတော်နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ယခုအခါ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်ရပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ပညာကို ထူးချွန်စွာ တတ်မြောက်အောင် ကြိုးစားသင်ယူကြရန်အပြင် သုတ/ရသစာအုပ်စာစောင်များကိုလည်း ဖတ်ရှုကြ စေလိုပါကြောင်း မှာကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်​နေမှုကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ MRTV DTH စလောင်းအစုံ ၅၀ နှင့် စာကြည့်တိုက်များအတွက် စာအုပ်စာ​စောင်များ အားပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က MRTV DTH စလောင်း ၁၀ စုံကို တက်ရောက်လာသူများအား မဲဖောက်၍ ပေးအပ်ကြသည်။

ထို့အပြင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင်တင် ရေးပွဲတော်ကျင်းပရေးအတွက် ငွေကျပ် ၁၀၈ သိန်းကျော်နှင့် စာကြည့်တိုက်များအတွက် စာအုပ်/ စာစောင်များ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက ဒေသစာကြည့် တိုက်များအတွက် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းသည်။

ယင်းနောက် ညောင်ရွှေမြို့ အထက (ဟဲယာရွာမ) မှ ကျောင်းသား ကျောင်းသူများက အင်းတိုင်းရင်းသား ရိုးရာ အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဆို/အကအဖွဲ့များအား ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုငွေ ပေးအပ် ချီးမြှင့်သည်။

အဆိုပါ ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ဦးစီး​ဆောင်ရွက်မှုနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့က ပူးပေါင်းစီစဉ်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်

No comments

Powered by Blogger.