နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တို့၏ (၃၁)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
ရန်ကုန် ဒီဇင်ဘာ ၄
နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)
တို့၏ (၃၁)ကြိမ်မြောက် သာသနတက္ကသီလမဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌ မိတ္ထီလာဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တကောဝိဒအမှူးပြုသော
တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဆရာတော်များ၊ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့
ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဆရာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး
သံဃနာယကအဖွဲ့ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ
သင်ကြား၊ စီမံဆရာတော်များ၊ ကျမ်းစစ်ဆရာတော်များနှင့် ဘွဲ့ခံသံဃာတော်များ ကြွရောက်တော်မူကြပြီး
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘွဲ့ရဆရာတော်များ၏
ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ၏
အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏
အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက ယနေ့ဘွဲ့ခံယူကြသည့် သာသနာ့အာဇာနည်တို့သည်
ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်တော်များကို ဘာသန္တရပါတွဲဖက်၍ ခေတ်မီသင်ယူနည်းဖြင့်
လေ့လာသင်ယူကြပြီးဖြစ်၍ စာပေကျမ်းဂန်သင်ယူမှုပရိယတ္တိသည် နိဿရဏတ္တာ ပရိယတ္တိဖြစ်နိုင်အောင်
“သောတာ နုဂတာနံ ဘိက္ခဝေဓမ္မာနံဝစသော ပရိစိတာနံမနုသာနုပေက္ခာတာနံ ဒိဋ္ဌိယာသုပ္ပဋိဝိဒ္ဓါနံ
စတ္တာရောအာနိသံသာ ပါဋိကင်္ကိတဗ္ဗာ” အစရှိသော အင်္ဂုတ္တရနိကာယ
စတုက္ကနိပါတ သောတာနုဂတသုတ်တော်ကို ဆင်ခြင်စဉ်းစား နှလုံးထားလျက် ပွားများကြိုးကုတ်အားထုတ်ကြရန်ဖြစ်ကြောင်း၊
ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ တည်ထောင်ဖွင့်လှစ်ကြခြင်း၏ ရည်ရွယ်ချက် ၄ ချက်ထဲက
တတိယအချက်ဖြစ်သော ပြည်တွင်း ပြည်ပနှစ်ဌာနတို့၌ ဆင်းရဲချမ်းသာမရွေး ကျေးလက်တောရွာပါမကျန်
နေထိုင်သီတင်းသုံး၍ သာသနာပြုခြင်းနှင့် စတုတ္ထရည်ရွယ်ချက်ဖြစ်သည့် လူအများတွေ့ကြုံခံစားနေရသော
ကိုယ်စိတ်ဆင်းရဲခြင်း၊ နှလုံးမသာယာခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဗုဒ္ဓမြတ်စွာတရားဒေသနာတော်ကြီးဖြင့်
သက်သာပျောက်ကင်း ချမ်းသာစေခြင်းအကျိုးငှာ ပရဟိတပဋိပန္နပုဂ္ဂိုလ်အဖြစ်သို့ ရောက်အောင်
ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူကြ၍ မြတ်စွာဘုရားသာသနာတော်ဝယ် တံခွန်အောင်လံသဖွယ် ထင်ရှားသည့်
ရှေးသွားခေါင်းဆောင်များ ဖြစ်ကြပါစေကြောင်း သာရဏီယဩဝါဒ ကထာမြွက်ကြားသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ
မိတ္ထီလာဆရာတော် ဘဒ္ဒန္တကောဝိဒက “မိမိသင်ယူတတ်မြောက်ပြီးသော ပရိယတ္တိ ဒေသနာဉာဏ်များဖြင့်
သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ပေါ်တွင် ခိုင်ခိုင်မတ်မတ်ရပ်တည်ကာ မိမိအကျိုး၊ အမျိုးဘာသာသာသနာအကျိုးကို
ဦးလည်မသုန် သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း” သမ္မောဒနီယဩဝါဒကထာ မြွက်ကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က သာသနာရေးဆိုင်ရာများ လျှောက်ထားကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်
(ရန်ကုန်) မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တသုမနက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ
တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ မိတ္ထီလာဆရာတော် ဘဒ္ဒန္တကောဝိဒထံ ဘွဲ့ခံစာရင်းကို
အတည်ပြုလက်မှတ် ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်
(ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဆရာတော်တို့က ဘွဲ့ခံယူကြမည့် သာသနတက္ကသီလမဟာဓမ္မာစရိယ
M.A(Buddhism) ဘွဲ့ရ ၂၄ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism) ဘွဲ့ရ ၁၁၉ ပါးတို့၏
ဘွဲ့တော်များကိုကြေညာ၍ တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော်ထံတွင် ဘွဲ့ခံယူကြသည်။
ဆက်လက်၍ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်
(ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်းဆရာတော်တို့က သာသနတက္က သီလမဟာဓမ္မာစရိယဘွဲ့ ခံယူတော်မူမည့်
ရဟန်းတော်များနှင့် သာသနတက္ကသီလဓမ္မာစရိယ ဘွဲ့ခံယူတော်မူမည့် ရဟန်းတော်များအား တစ်ပါးချင်း၏ဘွဲ့တော်ကိုကြေညာ၍
ပါမောက္ခချုပ်ဆရာ တော်များထံဘွဲ့ခံယူစေပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ်များ၏ အဓိပတိ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသရှေ့မှောက်တွင်
ဘွဲ့ခံရဟန်းတော်များက သာသနာပြု ကတိသစ္စာခံယူကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ
မိတ္ထီလာဆရာတော် ဘဒ္ဒန္တကောဝိဒထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ ၍ ရေစက်သွန်းလောင်း
အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် မြတ်စွာဘုရားအပါအဝင်
ဘွဲ့ခံသံဃာတော် ၁၄၃ ပါး စုစုပေါင်း ၁၄၄ ဆူ/ပါးတို့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာများ နှင့် အလှူရှင်များက
ဆွမ်းဆန်တော်များ ဆက်ကပ်လောင်းလှူကြသည်။
ယနေ့ (၃၁) ကြိမ်မြောက် သာသနတက္ကသီလ
မဟာဘွဲ့နှင်းသဘင်တွင် သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A(Buddhism)ဘွဲ့ရ ၂၄ ပါးနှင့် သာသနတက္ကသီလဓမ္မာစရိယ
B.A(Buddhism)ဘွဲ့ရ ၁၁၉ ပါး စုစုပေါင်း ဘွဲ့ရ အရှင်မြတ် ၁၄၃ ပါးဘွဲ့ခံယူခဲ့ပြီး နိုင်ငံတော်ပရိယတ္တိ
သာသနာ့တက္ကသိုလ်များမှ (၃၁)ကြိမ်မြောက်အထိ ဘွဲ့ခံယူခဲ့ကြသည့် ရဟန်းတော် စုစုပေါင်း
၃၄၆၄ ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments