ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်





နေပြည်တော် ဒီဇင်ဘာ ၂၃

 

မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော် မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် မိတ်သဟာယ မိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ် ကက်သလစ် ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ဧဝံ ဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များ၊ ကက်သလစ် လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

 

ကြိုဆိုနှုတ်ဆက်

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် စိန့်မေရီ ကာသီဒြယ်ကက်သလစ် ဘုရားကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ကက်သလစ်ဂိုဏ်းချုပ် သာသနာဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကြိုဆို နှုတ်ဆက်ပြီး ခရစ်ယာန်လူငယ်များက ခရစ်ယာန်ဓမ္မ တေးသီချင်းများဖြင့် သီဆိုတီးမှုတ် ကပြ ဖျော်ဖြေပြီး ကြိုဆိုနှုတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီးနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုတို့သည် သီဆိုတီးမှုတ်ကပြ ဖျော်ဖြေခဲ့ကြသည့် ခရစ်ယာန်လူငယ်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


 

မှတ်တမ်းဗီဒီယိုအားကြည့်ရှု

ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် စိန့်မေရီကာသီဒြယ် ကက်သလစ်ဘုရားကျောင်းတော်ကြီးအတွင်းရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာနိုင်ငံသို့လာရောက်စဉ် အသုံးပြုခဲ့သည့် လှည့်လည်ယာဉ်များကို ကြည့်ရှုပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုနှင့် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကက်သလစ် ဂိုဏ်းချုပ် သာသနာ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုတို့၏ ခရစ္စမတ်ဆုတောင်းပွဲများနှင့် မိတ်သဟာယ ပွဲတော်များ ကျင်းပပြုလုပ်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။


 

ဆက်လက်၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားဒုတိယပိုင်း ကျင်းပမည့် ဘုရားကျောင်းတော်အတွင်းသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံ ခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ် သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ခရစ်တော်ကို မျှော်လင့်သော သတ္တမနေ့ အသင်းတော် မြန်မာနိုင်ငံ သာသနာအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာ ဦးဖိုးဖိုးလှက အဖွင့်ဆုတောင်း စကားပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဓမ္မတေးသီချင်း ကျူးဧချင်း “အိုသာယာသော မြန်မာပြည်တော် ကျူး” ဓမ္မသီချင်းအား စုပေါင်းသီဆိုကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး တေးသံရှင်ပန်းရောင်ခြယ်က ဂုဏ်တော် ချီးမွမ်းခြင်း သီချင်းအားသီဆိုသည်။


 

ထို့နောက် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက ခရစ္စမတ် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရာသီသဘာဝနှင့် အခါသမယတို့ပေါင်းစုံချိန်တွင် ယခုကဲ့သို့ကျရောက်လာသည့် ခရစ္စမတ်ပွဲတော်နှင့်အတူ ခရစ်ယာန်ဘာသာဝင်များ၊ နိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး ဘာသာတရား၏ မေတ္တာရိပ်အောက်တွင် ချစ်ခြင်း မေတ္တာများနှင့် ငြိမ်းချမ်းသာယာခြင်း ရှိကြပါစေရန် ဆုမွန်ကောင်းဖြင့် ဆုတောင်းမေတ္တာ ပို့သအပ်ပါ ကြောင်း၊ ခရစ္စမတ်ပွဲတော်သည် လူသားများကြားတွင် ချစ်ခြင်းမေတ္တာတရားများကို လွှမ်းခြုံစေသည့် အပြင် ခရစ်ယာန်ဘာသာဝင်များ၏ မွန်မြတ်သည့် အနှစ်သာရတစ်ခုကို ထင်ဟပ်ပြသခြင်း လည်းဖြစ်သည်ကို ပြောကြားလိုကြောင်း။

 

ယနေ့ လူသားအားလုံး ခိုလှုံရာ ကမ္ဘာကြီးတွင်ကိုးကွယ်မှုဘာသာများစွာရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် ဘာသာဆိုသည့် အဓိကဘာသာကြီး လေးမျိုးအဖြစ် သတ်မှတ် ထားသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊ ဘာသာတရားဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို အခြေခံစည်းမျဉ်းများသဖွယ် တွေ့မြင်ကြရမည်လည်း ဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊ ကရုဏာ တရားများ၏ လမ်းညွှန်ပြသမှုများကသာ လူသားများအတွက် ငြိမ်းချမ်းသာယာခြင်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်ကို လေးလေးနက်နက်ယုံကြည်မိကြောင်း။

 

လူမှုအဖွဲ့အစည်းတစ်ခုမှ စတင်ပြီး လူမှုအသိုက်အဝန်းကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာ မှသာလူသားများရှင်သန်ရပ်တည်ရာ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းသာယာမည်ဖြစ်ကြောင်း၊ လူသား တစ်ဦးနှင့် တစ်ဦးကြားတွင် စွန်းထင်းနေသည့် အမုန်းတရားများ၊ အငြိုးအာဃာတတရားများသည် လူ့ အသိုက်အဝန်းကြားတွင် နိုင်လိုမင်းထက်မှုများ၊ သတ်ဖြတ်ညှဉ်းဆဲမှုများစသည့် ဒုစရိုက် တရားများ ကိုသာ ဆင့်ကဲဖြစ်ပေါ်စေကြောင်း၊ ဘာသာတရားများ၏ အဆုံးအမများဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များကသာလျှင် ဒုစရိုက်တရားများကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး လွှမ်းခြုံလာသည့် ချစ်ခြင်းမေတ္တာများနှင့် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မည်ဖြစ်သည်ကို ပြောကြားလိုကြောင်း။

 

နိုင်ငံတော်အတွင်း ကိုးကွယ်ခွင့်ဆိုင်ရာနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ပုဒ်မ ၃၄ တွင် “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်” ဟု အတိအလင်းပြဋ္ဌာန်း ထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ခွင့်ပေးထားပြီး ဖြစ်သည်ကို ပြောကြားလိုကြောင်း။

 

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ် ဘာသာဝင်များနှင့် အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်း မြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင် လာခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊ မည်သို့ပင်ကိုးကွယ်ရာကွဲပြားပါစေ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ထိခိုက်နစ်နာစေလိုခြင်း အလျှင်းမရှိဘဲ အပြန်အလှန် လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာ စိတ်ထားပြီး နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

 

ရင်းနှီးနွေးထွေးသည့် ဘာသာဝင်များကြားမှ အဆိုပါအစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်း သွားကြရန်လိုအပ်ပြီး စည်းလုံးညီညွတ်မှု ပြိုကွဲအောင်၊ လေးစားယုံကြည်မှု လျော့ပါးအောင် လုပ်ဆောင်လာသည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်း ကာကွယ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 

ဘာသာတရားတိုင်းတွင် အကျင့်တရား၊ စောင့်ထိန်းအပ်သော တရားဆိုသည့် ဘုံတူညီမှုများကို တွေ့ရှိ ရပြီး အဆိုပါအကျင့်တရားများသည် စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုကို အဓိကအခြေခံ ထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်း ဆိုင်ရာ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုများကို အင်အားကြီးမားစွာ အထောက်အပံ့ပေးနိုင်ပြီး လူမှု အသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သဖြင့် ဘာသာတရားသည် မွန်မြတ်သော အဆုံးအမအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်သည်ကို ပြောကြားလို ကြောင်း။

 

ထိုသို့ ဘာသာတရားများအပေါ် အခြေခံပြီး ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီ လက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက် လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ လျှောက်လှမ်းသွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း။

 

ယနေ့ကဲ့သို့ အခါသမယကောင်းဖြစ်သည့် ခရစ္စမတ်ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ဦးဆောင်ကျင်းပပေးကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ဘာသာဝင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ နိုင်ငံသူနိုင်ငံသားများ၊ ကမ္ဘာတစ်ဝန်းတွင် နေထိုင်ကြသည့် ခရစ်ယာန်ဘာသာဝင်များအားလုံး မွေးနေ့တော်မှစ၍ ငြိမ်းချမ်းခြင်း အနှစ်သာရများကို ကိုယ်စီပိုင်ဆိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဆုတောင်း လိုက်ပါကြောင်း ပြောကြားသည်။

 

ဆုတောင်းစကားပြောကြား

ယင်းနောက် မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာ ဒေါက်တာ ဦးအေးမင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွက် အထူးဆုတောင်းစကား ပြောကြားပြီး မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်) မက်သဒစ်အင်္ဂလိပ်အသင်းတော် သံစုံတီးဝိုင်းအဖွဲ့က ခရစ္စမတ်သံစုံ ဓမ္မတေးသီချင်းအား သီဆိုတီးမှုတ်ကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံ ခရစ်ယာန်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာမျိုးမြင့်ဦး ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက မွေးနေ့တော်ပွဲ အတုံ့အပြန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ Sister ရူဖီးက သမ္မာကျမ်းစာ ဖတ်ကြားခြင်းကိုလည်းကောင်း၊ ခရစ္စမတ် ဓမ္မဒေသနာချီးမြှင့် ဟောကြားခြင်းကို ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီ နယ်ချားလ်စ်ဘိုက လည်းကောင်း ဆောင်ရွက်ကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာ အေးမင်းတို့က ခရစ္စမတ်အမှတ်တရ မေတ္တာ လက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကိုပေးအပ်ရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ခရစ္စမတ် အထိမ်းအမှတ် လက်ဆောင်များကို ပြန်လည် ပေးအပ်သည်။

 

ယင်းနောက် သိက္ခာတော်ရဆရာ မန်းပါမာစတန်က ကျေးဇူးတင် စကားပြောကြားပြီး သိက္ခာတော်ရ ဒေါက်တာ မောရစ်လျန်နာက ခရစ္စမတ်အခါသမယ မိတ်သဟာယ မိတ်ဆုံစားပွဲ ဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော် ချီးမွမ်းခြင်းကို ဆောင်ရွက်သည်။

 

ဆက်လက်၍ “တိတ်ဆိတ်ည သန့်ရှင်းည” ဓမ္မသီချင်းကို ပရိသတ်များက သံပြိုင်သီဆိုကြသည်။ ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကား ပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များ သာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ကောင်းခြင်း မင်္ဂလာတို့ဖြင့် ပြည့်စုံပါစေကြောင်း၊ နှစ်သစ် အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောပါစေကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး မိသားစု၊ မြန်မာပြည်သူ ပြည်သားအားလုံး ကောင်းချီး မင်္ဂလာများ ရရှိပါစေကြောင်း ဆုမွန်စကား ပြောကြားသည်။


 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနား တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီးများက တည်ခင်းဧည့်ခံသည့် မိတ်သဟာယ မိတ်ဆုံစားပွဲကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.