မြခွာညိုသင်းပါတဲ့ လပြာသို မြင်းခင်းသဘင်



တက္ကသိုလ်ပွင့်သူအောင်

 

မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ပြာသိုလသည် ဆယ်ခုမြောက်လဖြစ်သည်။ ပြာသိုလသည် ဆောင်းရာသီ၏ အလယ်ဗဟို၌ ကျရောက်နေသောကြောင့် လွန်စွာချမ်းအေးလှသည်။ ရှေးစာဆို ပညာရှင်တို့က “ပြာသိုမကာရ၊ ကြယ်ဖုဿျှ၊ ယှဉ်ထတူနှစ်ဖော်”ဟူ၍ တင်စားခဲ့ကြသည်။ ထို့ကြောင့် ပြာသိုလတွင် နေမင်းကြီးသည် မကာရရာသီကြယ်စုကို နောက်ခံထား၍ မျက်မြင်အားဖြင့် အရှေ့မှ အနောက်သို့ နေ့စဉ်သွားနေသည်။

 

ပြာသိုလတွင် စန်းပြည့်နက္ခတ်မှာ ဖုသျှနက္ခတ်ဖြစ်ပြီး ယှဉ်သောတာရာမှာ ပုစွန်တာရာဖြစ်သည်။ “နေ့ဝါဆို ညပြာသို” ဟူသော ဆိုရိုးစကားနှင့်အညီ ဝါဆိုလသည် နေ့တာအရှည်ဆုံးဖြစ်သကဲ့သို့ ပြာသို လသည် ညတာအရှည်ဆုံးဖြစ်သည်။ ထို့ကြောင့် ပြာသိုလကို ရှေးမြန်မာများ စံချိန်သတ်မှတ်ချက်အရ နေမွန်းတည့် ခြောက်ဖဝါးရှိသည့် လဖြစ်ကြောင်း သိရှိရသည်။ ပြာသိုလ၏ ရာသီပန်းမှာ ခွာညိုပန်း ဖြစ်ပြီး ရာသီပွဲတော်မှာ မြင်းခင်းသဘင်ပွဲခေါ် သူရဲကောင်းရွေးပွဲလည်းဖြစ်သည်။

 

ပြာသိုလ၏အဓိပ္ပာယ်

ရှေးပုဂံခေတ်ကျောက်စာများ၌ ပြာသိုလကို “ပ္လသိုဝ်၊ ဟ္လသိုဝ်၊ ပြာသို” ဟူ၍ တွေ့ရှိရသည်။ “ဟ္လသိုဝ်”၌ပါသည့် “ဟ္လ” သဒ္ဒါကို မြန်မာနှင့်အနွယ်တူ ဘာသာစကားတို့တွင် ဆန်းစစ်ရာ၊ “ပျားဖယောင်း” ဟု အဓိပ္ပာယ်ရသော ပုဒ်ရင်းကိုတွေ့ရသည်။ “သို” ၏ အနက်အဓိပ္ပာယ်မှာ “သိုလှောင်ခြင်း”ပင်ဖြစ်သည်။ ထို့ကြောင့် ပြာသိုလ၏ အဓိပ္ပာယ်မှာ “ပျားဖယောင်း ကိုစု၍ အရဆုံးလ” ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။ ရှေးစာဆိုပညာရှင်ကြီး လှေသင်းအတွင်းဝန်က ပြာသိုလသည် သက္ကတပေါသျှီမှ လာခြင်းဖြစ်ကြောင်း၊ ပေါသျှီဟူသည်မှာ ဖုသျှနက္ခတ်ကို ဆိုလိုထားခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် ပြာသိုလ မကာရရာသီတွင် ဖုသျှနက္ခတ်နှင့် စန်းယှဉ်ပြီးလပြည့်သည်ကို အကြောင်းပြုကာ ပြာသိုဟူ၍ ခေါ်ဆို ကြောင်း သိရသည်။ အထူးသဖြင့် ထူးခြားချက်မှာ ပြာသိုလသည် ဝါငယ်ထပ်နှစ်၊ ဝါကြီးထပ်နှစ် နှစ်မျိုးလုံးတွင် ရက် ၃၀ စီရရှိနေခြင်းပင်ဖြစ်သည်။

 

ပြာသိုလ၏ရာသီပွဲတော်

မြန်မာ့တစ်ဆယ့်နှစ်လ ရာသီပွဲတော်များစွာရှိသည့်အနက် ထူးခြားချက်အဖြစ် ပြာသိုလတွင် ကျင်းပသော နိုင်ငံတော်ကာကွယ်ရေးကို အထောက်အကူပြုသည့် မြင်းခင်းသဘင်ပွဲပင်ဖြစ်သည်။ တစ်နည်းအားဖြင့် သူရဲကောင်းရွေးပွဲလည်း ဖြစ်သည်။ ရှေးခတ်မြန်မာရှင်ဘုရင်များလက်ထက် ကာလက မြင်းခင်းသဘင်ပွဲ၌ မင်းညီမင်းသားများ၊ မှူးမတ်များနှင့် စစ်သေနာပတိများသည် ရာထူး အဆင့်လိုက် သတ်မှတ်ထားသော မိမိတို့အဆောင် အယောင်အဝတ်အစားများကို ဝတ်ဆင်ကြကာ ဓားရေး၊ လှံရေး၊ လေးရေး၊ သေနတ်ရေး၊ မြင်းရေး၊ ဆင်ရေး အစရှိသည်များကို လေ့ကျင့်ပြသကြသည်။

ယင်းမြင်းခင်းသဘင်ပွဲကျင်းပရာတွင် မြင်းစီး သူရဲကောင်းတို့သည် မြင်းကို ထိုင်လျက်၊ ရပ်လျက်၊ အိပ်လျက်၊ ရှေ့ပြန်နောက်ပြန်ပြုလျက် ကျွမ်းကျင် စွာ စီးပြကြသည်။ ထိုမျှသာမက မြင်းစီးလျက်ကပင် အဲမောင်းလှံဖြင့်ပစ်ခြင်း၊ ဓားရေးပြခြင်းတို့ကို ကျွမ်းကျင်လိမ္မာစွာ ပြသကြသည်။ ရှေးမြန်မာသမိုင်း မှတ်တမ်းများအရ မြင်းခင်းသဘင်ကို သက္ကရာဇ် ၆၇၄ ခုနှစ်ခန့်က ပင်းယတစ်စီးရှင် သီဟသူ လက်ထက်၌ စတင်ပေါ်ပေါက်လာခဲ့သည်ဟု ယူဆကြသည်၊၊ ထို့ပြင် ဘိုးတော်ဘုရားလက်ထက်က ပညာရှိတို့သည် မြင်းခင်းသဘင်ပွဲမှာ ဒုတိယအင်းဝ ခေတ်အစ ညောင်ရမ်းမင်းလက်ထက်တွင် ပေါ်ပေါက်လာသည်ဟူ၍လည်း ယူဆခဲ့ကြသည်။

 

ရှေးခေတ်စာဆိုတော်ကြီးများသည် ပြာသိုလ မြင်းခင်းသဘင်ပွဲနှင့် ပတ်သက်၍ လေးချိုး၊ ရတု၊ ပျို့များဖြင့် ဖွဲ့ဆိုခဲ့ကြသည်။ စာဆိုပညာရှင်ကြီး လူဦးမင်းက ပြာသိုလဘွဲ့လေးချိုးတွင် “စွယ်ရောင် လျှံတောက်၊ ရဲမာန်မောက်တဲ့၊ မုန်သောက်ဆဒ္ဒန်၊ သောင်းရှစ်ပြန်ကို၊ စီမံမကျင်း၊ စက်လျှင်သွင်းနှင့်၊ မြင်းခင်းငယ်ဗျူဟာ၊ အဖြာဖြာလဲ၊ တညီလာပြု၊ ဗိုလ်သဘင်ရှုချိန်မို့၊ ကိုက်နုဖူးစီပွင့်၊ အားအဲချီတော့ပ၊ ကြိုင်ဆီငယ်ဆင်သည်ဟူ၍” မြင်းခင်း၊ ဆင်ခင်း၊ လှံရေး၊ ဓားရေးအခင်းအကျင်းတို့ဖြင့် ဗိုလ်ရှုခံပုံကို ရေးဖွဲ့ခဲ့သည်။ ထို့အတူ ရှေးစာဆိုပညာရှင် မဟာဓမ္မ သင်္ကြန်က “ခွာပြာလေ...မလ္လာလေ၊ ဂန္ဓာကြိုင်သင်း၊ ဂေါ်ဇင်ပင်မြင့် မင်းငယ်လေး၊ မြင်းခင်းအောင် ဇေယျံတည်မှ၊ ငယ်ဝန်းစီးပုံဟန်”ဟူ၍ ပြာသိုလ၏ တင့်တယ်ပုံ၊ မြင်းခင်းသဘင်ပွဲ၌ မြင်းစီးပုံများကို ဖွဲ့နွဲ့ရေးသားခဲ့သည်။

 

စွမ်းရည်ပြပွဲများ

ရှေးမြန်မာမင်းများလက်ထက်က ရန်သူများနှင့် စစ်တိုက်ခိုက်ရာတွင် ရင်ဆိုင်တိုက်ပွဲများ ပါဝင်နေ ခြင်းကြောင့် စစ်သည်တော်များအားလုံး မြင်းစီး၊ ဆင်စီးကျွမ်းကျင်အောင် လေ့ကျင့်ထားကြရသည်။ လေးအတတ်၊ မြားပစ်အတတ်၊ ဓားခုတ်၊ လှံထိုး အတတ်များ၊ မြင်းစီးကျွမ်းကျင်ခြင်း စသည်တို့သည် မင်းညီမင်းသား၊ သူရဲကောင်းများအတွက် အထူးလိုအပ်သော အရည်အချင်းများပင်ဖြစ်သည်။ ထို့ကြောင့် မြင်းခင်းသဘင်တွင် စွမ်းရည်ပြပွဲများ ထည့်သွင်းကျင်းပခြင်းလည်းဖြစ်သည်။ မြင်းခင်း သဘင်တွင် ပါဝင်သော စွမ်းရည်ပြပွဲများမှာ-(၁) စက်ကွင်းလှံထိုးပွဲ၊ (၂) မြင်းရေး ၃၇ ရေးပြပွဲ၊ (၃) အဲမောင်း ၃၇ ရေးပြပွဲ၊ (၄) လှံထိုးပြိုင်ပွဲ၊ (၅) ဓားခုတ် ပြိုင်ပွဲ၊ (၆) လေးစွမ်းပြိုင်ပွဲ၊ (၇) တုတ်သိုင်းပြိုင်ပွဲ၊ (၈) ဓားသိုင်းပြိုင်ပွဲ၊ (၉) သေနတ်ပစ်ပြိုင်ပွဲ၊ (၁) ဗလီ ခတ်ခေါ် ကူလီရိုက်ပွဲ၊ (၁၁) ဆင်ခင်းပွဲ စသည်တို့ ဖြစ်သည်။ ယင်းစွမ်းရည်ပြပွဲများသည် အထူး လေးနက်သောပွဲများဖြစ်ရာ မြင်းခင်း၊ ဆင်ခင်း၊ လေးခင်း၊ ဓားခုတ်၊ လှံထိုး၊ ဒူးလေးပစ်၊ လင်းလေးပစ်၊ ဆင်တိုက်၊ မြင်းပြေး၊ သေနတ်ပစ်၊ အမြောက်ပစ်၊ စက်ထိုး၊ ဗလီခတ်ခေါ် ကူလီရိုက် အစရှိသည့် မြန်မာ့ ကြည်းတပ်မတော်၏ တိုက်ခိုက်နည်းအမျိုးမျိုး ပါဝင်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင် သိုင်းအမျိုးမျိုးကိုလည်း ကျင်းပသည်။

 

မြင်းခင်းသဘင်ပွဲကို ပင်းယတစ်စီးရှင် သီဟသူ မင်းလက်ထက်တွင် အစီအစဉ်တကျ ကျင်းပခဲ့သည်။ မြင်းခင်းသဘင်ပြိုင်ပွဲ၏ အစီအစဉ်အရ သံတော်ဆင့်ဝန်သည် အခမ်းအနားစတင်ပြီ ဖြစ်ကြောင်း ကြေညာလေ့ရှိရာ ပါဝင်ယှဉ်ပြိုင်သူ စစ်သည်တော်များက စစ်တံပိုးသံနှင့် စစ်မောင်းသံအလိုက် မြင်းများကို အချက်ကျကျစီးကာ ကွင်းကိုပတ်ပြီး အလှပြကြသည်။ ထိုသို့ အလှပြပြီးနောက် ကွင်းအပြင်သို့ အစီအစဉ်တကျ ထွက်ခွာကြရသည်။ ပြာသိုလ မြင်းခင်းသဘင်စွမ်းရည် ပြိုင်ပွဲကြီး စတင်သည့် ပထမဦးဆုံးပွဲစဉ်မှာ စက်ကွင်း လှံထိုးပွဲဖြစ်သည်။ ထိုပြိုင်ပွဲကို မြင်းစီးပြီး ယှဉ်ပြိုင် ကြရသည်။ ဤပွဲ၌ စက်ကွင်းသုံးခုထားရှိပြီး အဖွဲ့လိုက် သို့မဟုတ် တစ်ဦးချင်းယှဉ်ပြိုင်ကြသည်။ စက်ကွင်းလှံထိုးပွဲ ပြီးဆုံးသွားပါက ထူးချွန်အောင်နိုင်သူ စစ်သည်သူရဲကောင်းများသည် မြင်းခင်း သဘင်ကွင်းကိုပတ်ကာ ရှင်ဘုရင်နှင့် မိဖုရား ရှေ့တော်သို့ မြင်းစီးလျက် ဟန်အလှနှင့် ဝင်ကြရသည်။ ထိုအခါ မိဖုရားကြီးက ရွှေကျင်ခပ်ပဝါကို ပစ်ပေးတော်မူသကဲ့သို့ မင်းသမီးများကလည်း ပန်းများပစ်ပေးပြီး ဂုဏ်ပြုကြသည်။ ထူးချွန်အောင် နိုင်သူများသည် မိဖုရားကြီးဂုဏ်ပြုသော ရွှေကျင်ခပ် ပဝါကို ရင်တွင်စည်းကာ မင်းသမီးများက ပေးအပ်သည့် ပန်းများကို နားတွင်ပန်ဆင်လျက် ရှေ့တော်သို့ တစ်ပတ်ပတ်ပြီး ဝင်ကြရသည်။ ထိုအခါ မြင်းခင်းသဘင်ပွဲကို လာရောက်အားပေး ကြည့်ရှုနေကြသော ပရိသတ်ထုကြီးက သောင်းသောင်းဖြဖြ ဩဘာပေးကြသည်။ ထိုပြိုင်ပွဲတွင် ပေးအပ်သော ဆုတော်လာဘ်တော်များမှာ ပိုးပုဆိုး၊ ဖဲပဝါ၊ ပိုးပန်းပဝါ၊ ပုစွန်ထုပ်ခေါင်းပေါင်း အစရှိသည်တို့ ဖြစ်သည်။ ယင်းဆုတော် လာဘ်တော်များကို ထူးချွန်အောင် နိုင်ကြသော သူရဲကောင်းတို့သည် များစွာတန်ဖိုးထား ဂုဏ်ယူဝမ်းသာကြသည်။

 

ထို့နောက် မြင်းရေး ၃၇ ရေးပြိုင်ပွဲကို ဆက်လက် ကျင်းပရာတွင် ပြိုင်ပွဲဝင်သူများသည် မြင်းရေး ၃၇ ရေးကို မြင်းရေး ၃၇ ချင်းတေးသီချင်း၏ စည်းချက် အတိုင်း မြင်းရေးပြသနေကြသည်မှာ ဂုဏ်ယူဝင့်ကြွား ဖွယ်ကောင်းလှသည်။ ထိုသို့ မြင်းရေး ၃၇ ချင်း တေးသီချင်း၏ စည်းချက်အတိုင်း မြင်းရေးပြပြီးပါက လှံထိုးစွမ်းရည်ပြိုင်ပွဲကို စတင်ကျင်းပသည်။ ယှဉ်ပြိုင်သူသည် မြင်းကိုဒုန်းစိုင်း စီးလာပြီး ဘုရင့်ရှေ့တော်မှောက်သို့ ရောက်သည့်အခါ အထက်သို့ ပစ်ပေးလိုက်သော ရှောက်သီး တစ်လုံးကို မြင်းပေါ်မှ မြင်းစီးလျက်နှင့် လှံဖြင့်ပြေးဝင်ထိုးယူရသည်။ ထို့နောက် မြင်းစီးရေ ခြောက်စီးတွဲလျက် ထွက်လာကာ မြေပြင်ပေါ်သို့လှိမ့်ပေးလိုက်သည့် ရှောက်သီးများကို မြင်းပြေးလျက်နှင့်ပင် လှံဖြင့်ထိုး၍ အထက်သို့ ပစ်မြှောက်ရသည်။ ထိုယှဉ်ပြိုင်ပွဲပြီးသွားသောအခါ အောင်ပွဲရသူများက အဲမောင်း ၃၇ ချင်း ကပြရသည်။

 

လှံထိုးစွမ်းရည်ပြိုင်ပွဲ ပြီးသွားသဖြင့် ဓားခုတ်ပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်များသည် ဓားခုတ်ပြိုင်ရင်း ဘုရင်မင်းမြတ်၏ ပွဲကြည့်စင်ရှေ့၌ စိုက်ထူထားသည့် ငှက်ပျောပင်ရှင်၊ ကြံပင်ရှင်များကို ပြိုင်ပွဲဝင်သူများက မြင်းကိုဒုန်းစိုင်းစီးလျက် ဓားဖြင့် ဘယ်ညာပြန် ခုတ်ကြသည်။ ပြီးလျှင် မဏ္ဍပ်ရှေ့ကွက်လပ်၌ ငှက်ပျောတုံးငုတ်တိုများကို ယာယီစိုက်ထားသည်။ ထိုငှက်ပျောတုံး ငုတ်တိုများပေါ်၌ ရေအပြည့်ထည့်ထားသည့် မြူအိုး(ရေအိုးငယ်) တစ်လုံးစီ တင်ထားသည်။ ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့များသည် မြင်းကိုရင်ပေါင်တန်းစီးသွား၍ ငှက်ပျောပင်များအကြားမှဖြတ်ကာ ငှက်ပျောတုံးများကို ဓားဖြင့်ခုတ်ရသည်။ ထိုသို့ခုတ်ရာတွင် ငှက်ပျောတုံးများမှာ တိတိရိရိ ပြတ်နေသော်လည်း လဲကျမသွားရပေ။ ထို့အတူ ရေအိုးငယ်သည်လည်း ရေဖိတ်ကျမှုမရှိ နေမြဲပုံစံမပျက် ရှိနေစေရမည်ဖြစ်သည်။

 

ထိုကဲ့သို့ ယှဉ်ပြိုင်ပွဲပြီးသွားလျှင် ပြိုင်ပွဲကြီးကြပ်သူတို့က ရေအိုးကိုမဖယ်ပြီး ငှက်ပျောတုံး ငုတ်တိုအထက်ပိုင်းကို တွန်းကြည့်ရသည်။ ငှက်ပျောတုံးငုတ်တိုသည် ဓားခုတ်ထားသော နေရာမှ တိတိရိရိပြတ်ကာ အောက်သို့ ကျသွားစေရမည်ဖြစ်ပြီး ဓားခုတ်နေရာ၌ အမျှင်ပင်မတန်းစေရပေ။ မြင်းခင်းသဘင်ပြိုင်ပွဲ ပြီးဆုံးသွားသောအခါ လေးသည်တော်ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။ လေးသည်တော်များသည် ခေါင်းပေါ်တင်ထားသော သံပရာသီးကို မှန်အောင်ပစ်ရသည်။ ယင်းစွမ်းရည် ပြပွဲ၌ တုတ်သိုင်း၊ ဓားသိုင်း ပြိုင်ပွဲများလည်း ဆက်လက်ကျင်းပသည်။

 

ပင်းယခေတ် မြင်းခင်းသဘင်ပြိုင်ပွဲများ၌ သေနတ်ပစ်ပြိုင်ပွဲများမရှိသော်လည်း ကုန်းဘောင်ခေတ် ရောက်လာသောအခါ သေနတ်ပစ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ကြသည်။ သေနတ်ပစ်ပြိုင်ပွဲတွင် အဝေးရှိစက်ကွင်းကို ထိမှန်အောင် ပစ်ရသကဲ့သို့ အတောင် ၁၀၀၊ ၂၀၀ အကွာအဝေးတွင် ဘူးသီး၊ ဒင်္ဂါးပြား စသည်တို့ကို ထောင်ထား၍ ပစ်ခတ်ရသည်။ စွမ်းရည်ပြိုင်ပွဲအသီးသီးတွင် အနိုင်ရရှိ အောင်မြင်ကြသူများသည် ရွှေဖလား၊ ငွေဖလား စသည်တို့ကို ပစ်ပေးခြင်းခံရပြီး ယင်းဖလားတို့ကို မိအောင်ဖမ်းယူကြရသည်။ ထို့နောက် ဗလီခတ်ခေါ် ကူလီရိုက်ပွဲများ ဆက်လက်ကျင်းပသည်။ ကူလီ ရိုက်ပွဲကစားရာတွင် ကူလီတံဖြင့် ကူလီသီးကို လှိမ့်ယူကာ မိမိဘက်သို့ပါအောင် ကစားရခြင်းပင် ဖြစ်သည်။ ယင်းကူလီရိုက်ပွဲကို မြင်းဖြင့် စီးနင်းကစားရသောကြောင့် မြင်းစီးကျွမ်းကျင်ရန်နှင့် လျင်မြန်ဖျတ်လတ်ခြင်းရှိရန် ကြိုတင်လေ့ကျင့်ထားရသည်။ သို့မှသာ ကူလီရိုက်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

 

ပြာသိုလတွင် မြင်းခင်းသဘင်ပွဲကို ကျင်းပပြုလုပ်သည်။ မြန်မာ့ဆယ့်နှစ်လ ရာသီပွဲတော်များတွင် ပြာသိုလ၌ကျင်းပသော မြင်းခင်းသဘင်ပွဲတော်သည် ပြည်သူလူထုကို မြန်မာ့ရိုးရာဓလေ့နှင့်အညီ နိုင်ငံချစ်စိတ်၊ ဇာတိချစ်စိတ်၊ နိုင်ငံအတွက် အသက်ပေး ကာကွယ်လိုစိတ်များ ရင့်သန်စေရန် အကျိုးပြုသည်။ အထူးသဖြင့် ရှေးခေတ်မြန်မာမင်းများ၏ မြန်မာ့တပ်မတော်ကြီး၏ တိုက်ခိုက်ရေး စွမ်းရည်၊ ကာကွယ်ရေးစွမ်းရည် မြင့်မားစေမှုတို့ကို ပြာသိုလမြင်းခင်းသဘင်ပွဲသည် အဓိက အခန်းကဏ္ဍမှ အထောက်အကူပြုခဲ့ကြောင်း ရေးသားလိုက်ရပါသည်။

No comments

Powered by Blogger.