(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဇော်ဦးနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ တက်ရောက်



ထိုင်း ဒီဇင်ဘာ ၂၀

 

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာအမျိုးသားအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ မြန်မာ အားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးနှင့် မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ တာဝန်ရှိသူ အကြီးအကဲများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့သည်။

 

ဦးစွာ အခမ်းအနားအစီစဉ်အရ ကွယ်လွန်သွားသော ဘုရင်မကြီးအား ဂုဏ်ပြုအရိုအသေပြုခြင်း၊ ထိုင်းနိုင်ငံတော် အလံလွှင့်တင်ခြင်း၊ ဖျော်ဖြေတင်ဆက်မှုများ၊ အားကစားနည်း ၅၄ မျိုးမှ အားကစားသမားများ ချီတက်ပြသခြင်းများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ H.E Artthakorn Sirilatthayakorn က အမှာစကား ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ ဝန်ကြီးချုပ် H.E Mr. Anutin Charnvirakul က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။

 

ဆက်လက်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မမေ့နိုင်ဖွယ်အခိုက်အတန့်များကို ဗီဒီယိုအကျဉ်းချုပ်ပြသခြင်း၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မီးရှူးတိုင်အား မီးငြှိမ်းသတ်ခြင်းနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများ ဖက်ဒရေးရှင်းအလံနှင့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလံများအား အလံချခြင်းအခမ်းအနားများ ပြုလုပ်ခဲ့ပြီးနောက် အရှေ့တောင်အာရှဖက်ဒရေးရှင်း အလံအား လွှဲပြောင်းပေးအပ်ခြင်း၊ နောက်လာမည့် အိမ်ရှင်မလေးရှားနိုင်ငံ၏ နိုင်ငံတော်အလံအား လွှင့်တင်ခြင်း အခမ်းအနားနှင့် အိမ်ရှင်မလေးရှားနိုင်ငံ၏ဖျော်ဖြေတင်ဆက်မှုများ၊ ပိတ်ပွဲ အထိမ်းအမှတ် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.