ကရင်ပြည်နယ်အတွင်း ဆောင်းဆီထွက်သီးနှံ ၇၆၉၂၃ ဧက စိုက်ပျိုးရန်လျာထား

 


ဘားအံ ဇန်နဝါရီ ၈

 

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်းဆီထွက်သီးနှံ ၇၆၉၂၃ ဧက စိုက်ပျိုးထုတ်လုပ်သွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာနှင့် ဝါးဆူးကျေးရွာတို့ရှိ ဆောင်းဆီထွက်သီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာရှိ စုစုပေါင်း စိုက်ဧက ၅၇၇ ဧကပေါ်တွင် ဆောင်းဆီထွက်သီးနှံ (မြေပဲ) စိုက်ပျိုးပြီးစီးမှုနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရရှိရေး ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသတွင်းဆီထွက်သီးနှံ တိုးတက်စိုက်ပျိုးမှုနှင့် ဆီဖူလုံမှုအခြေအနေ၊ နွေစပါး နှင့် ဆောင်းဆီထွက်သီးနှံအထူးဇုန် ဧက ၁၄၃၀ ဆောင်ရွက်မည့်အစီအစဉ်၊ နွေစပါးနှင့် အထွက်နှုန်း တိုးတက်ရေး နည်းပညာပေးစံပြကွက်များ ဆောင်ရွက်မည့်အစီအစဉ်တို့ကို ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ရန်၊ အစေ့အဆန်များကြီးထွား အောင်မြင်စေရေး လိုအပ်သည့်သွင်းအားစုများ ထည့်သွင်းဆောင်ရွက်ရန်နှင့် တောင်သူအသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မှာကြားကာ တက်ရောက်လာသော တောင်သူများအား ဂျစ်ပ်ဆမ်ကျောက်မှုန့်မြေဩဇာအိတ်များနှင့် ရွက်ဖျန်းမြေဩဇာထုပ်များကို ပေးအပ်သည်။

 

ထို့နောက် ဆောင်းဆီထွက်သီးနှံ စိုက်ခင်းဧရိယာအတွင်း စိုက်ပျိုးထားရှိသည့် ပဲတီစိမ်းစိုက်ခင်း များအတွင်း တောင်သူများ ရွက်ဖျန်းမြေဩဇာများ စုပေါင်းကြဲပက်နေမှုနှင့် ဘားအံမြို့နယ် ဝါးဆူးကျေးရွာ အနောက်ဘက်ကွင်းရှိ ဆောင်းဆီထွက်သီးနှံ (မြေပဲ)စိုက်ခင်းများကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။

 

ကရင်ပြည်နယ်အတွင်း ယခင်နှစ်က စားသုံးဆီ ဖူလုံမှု ၈၄ ဒသမ ၄၅ ရာခိုင်နှုန်းခန့်သာရှိခဲ့ပြီး ဆီဖူလုံမှုတိုးတက်စေရေး ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆောင်းမြေပဲ ၃၁၆၀၇ ဧက၊ ဆောင်းနှမ်းဧက ၄၁၇၅၀ နှင့် နေကြာ ၃၅၆၆ ဧက စုစုပေါင်းဆောင်းဆီထွက်သီးနှံ ၇၆၉၂၃ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး ယခုအခါ ဆောင်းဆီထွက်သီးနှံ ၇၅၀၆၁ ဧကကို စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားဧကပြည့်မီကျော်လွန်ရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး တာဝန်ရှိသူအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.