တိုင်းဒေသကြီးဝန်ကြီးချုပ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ တက်ရောက်
ပဲခူး ဇန်နဝါရီ ၁၄
လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး)သင်တန်းအမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာ သင်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာကဏ္ဍတွင် လယ်ယာသုံး စက်ကိရိယာများကို တွင်ကျယ်စွာ တိုးတက်သုံးစွဲလာသည်နှင့်အမျှ လယ်ယာသုံး စက်ကိရိယာဆိုင်ရာ အသိပညာ၊ အတတ်ပညာများကို စာတွေ့လက်တွေ့ ပို့ချသင်ကြား ပေးခြင်းဖြင့် တောင်သူများအနေ နှင့်လယ်ယာသုံး စက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲလာနိုင်ပြီး လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာစေရန် ဖွင့်လှစ် ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ သင်ကြားရမည့် စာတွေ့၊ လက်တွေ့ အသိပညာ ဗဟုသုတများဖြင့် လယ်ယာထုတ်ကုန် တိုးတက် မြင့်မားရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာ သင်ကြား သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ သင်တန်း၌ စာတွေ့ သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ လယ်ယာသုံးစက် ကိရိယာ အသိပညာပေးစာစောင်များကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါ သင်တန်းသို့ ပဲခူးတိုင်းဒေသကြီးမှ ၃၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှလေးဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှနှစ်ဦး၊ မကွေးတိုင်းဒေသကြီးမှနှစ်ဦးနှင့် မွန်ပြည်နယ်မှတစ်ဦး စုစုပေါင်းသင်တန်းသား ၄၀ တို့ကို လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System ၊ Clutch & Transmission ၊ Front Axle ၊ Steering & Drive Line ၊ Rear Wheel Drive & Brake System ၊ PTO & Hydraulic ၊ Electrical System ၊ Driving Method ၊ Main- tenance & Repair ထွန်ယက် ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments