လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ သတ္တမအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်း ဖွင့်လှစ်

 


နေပြည်တော် ဇန်နဝါရီ ၂၇

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာ ချက်ပြုတ်နည်း သင်တန်းနှင့် ပန်းအလှပြင် သင်တန်းများကို အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ဖြင့် သင်ကြားပေးလျက်ရှိသည်။

 

ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခုကို နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာ၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများတွင် စနေ၊ တနင်္ဂနွေနေ့ အထူးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းများသို့ တက်ရောက်မည့် သင်တန်းသား သင်တန်းသူ အရည်အချင်း သတ်မှတ်ချက်အနေဖြင့် အသက်(၁၄)နှစ်အထက် မူလတန်းပညာ အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပါကြောင်းကိုလည်း ကြော်ငြာစာများတွင် ထည့်သွင်းဖော်ပြထားသည်။

 

အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သတ္တမအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်းကို ဇန်နဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၀ ကျောင်းတွင် သင်တန်းသား ခြောက်ဦး၊ သင်တန်း သူ ၂၆၈ ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၇၄ ဦး တက်ရောက်လျက်ရှိကာ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.