စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်ပညာရှင် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်သဖြင့် ကျေးလက်ပညာရည် မြင့်မားစေရေး ဆောင်ရွက်
ဒေသအတွင်းပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေး များစွာအထောက်အကူပြုစေမည်
နေပြည်တော်
ဇန်နဝါရီ ၉
ပြည်ထောင်စုသမ္မတ
မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်
ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး
သာပေါင်းမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား
ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး
ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲ
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊
ဒုတိယဝန်ကြီးများ၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က သာပေါင်းမြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ၊
စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ဒေသဝမ်းစာဖူလုံမှု
အခြေအနေများ၊ မြေနိမ့်ကော်ဖီ (ရိုဘက်စတာမျိုး) များ စမ်းသပ် စိုက်ပျိုးလျက်ရှိမှုနှင့်
မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မျိုးစေ့ချကိရိယာများ
လိုအပ်လျက်ရှိမှု၊ စိုက်ပျိုးရေး တောင်သူများအတွက်
နိုင်ငံ့စီးပွားရေးရန်ပုံငွေများထုတ်ချေးပေးပြီး သွင်းအားစုများ ရရှိအောင်
ဆောင်ရွက်ပေးလျက်ရှိမှု၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေး
သစ်ပင်သစ်တောများ စိုက်ပျိုးထူထောင်ခဲ့မှု၊ လျှပ်စစ်ဓာတ်အားများ
လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ပညာရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ကျန်းမာ ရေးကဏ္ဍ၊ အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက် ပေးလျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်
မြို့မိမြို့ဖများက သာပေါင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ
ပိုမိုကောင်းမွန်စေရေး ဆောင်ရွက် ပေးစေလိုမှု၊ သာပေါင်းမြို့အတွင်း
ယာဉ်ရပ်နားစခန်း တည်ဆောက်ပေးစေလိုမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်းတို့က
သာပေါင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးအတွက်
လိုအပ်သည်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ
အကူအညီများ တောင်းခံနိုင်မှု၊ မြေနိမ့်ကော်ဖီ (ရိုဘက်စတာမျိုး) များ
စိုက်ပျိုးဖြစ်ထွန်းသဖြင့် ဥယျာဉ်ခြံမြေများ၌ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းနိုင်မှု၊
အရည်အသွေးမီသည့် မျိုးကောင်းမျိုးသန့်များကို ဈေးနှုန်းသက်သာစွာဖြင့်
ဖြန့်ဖြူးပေးလျက်ရှိမှု၊ အသား၊ ငါးထုတ်လုပ်မှုနှင့် ပတ်သက်၍
တိုးချဲ့ဆောင်ရွက်လိုပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ
ထုတ်ချေးပေးသွားမည့် အခြေအနေများ၊ လယ်ယာမြေများအား ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း
စည်းကမ်းများနှင့်အညီ အသုံးပြုရန် လိုအပ်မှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီး မတည်ငွေများ၊ နည်းပညာများ၊
သွင်းအားစုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌက သာပေါင်းမြို့နယ်သည် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ထုတ်လုပ်ခြင်းကို
အဓိကထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဆန်ကိုအဓိက တင်ပို့ရောင်းချကြပြီး
ကျေးလက်နေပြည်သူ ၈၀ ရာခိုင်နှုန်းခန့် ရှိကာ မြို့နေပြည်သူ ၂၀ ရာခိုင်နှုန်းခန့် ရှိသည်ကို
တွေ့ရှိရကြောင်း၊ ထို့ကြောင့်ကျေးလက်ကို အခြေခံသည့်စီးပွားရေး
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် ပိုမိုလိုအပ်သည်ကိုတွေ့ရကြောင်း၊
ဒေသမှစိုက်ပျိုး ထုတ်လုပ်သည့်ဆန်များကို တန်ဖိုးမြင့်သည့်ဆန်များ
ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အခြေအနေပေးသည့်နေရာများတွင် တန်ဖိုးမြင့်ဆန်ဖြစ်သည့်
ပေါ်ဆန်းမွှေးဆန်များကို စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းဖြင့် တောင်သူတစ်ဦးချင်း၏
ဝင်ငွေများတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်း
ငွေကြေး စီးဆင်းလည်ပတ်မှု များကိုလည်း တိုးတက်ကောင်းမွန် လာစေမည်ဖြစ်ကြောင်း၊
သာပေါင်း မြို့နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်း
အောင်မြင်နိုင်မည်ဆိုပါက နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲပုပ်စသည့် ဆီထွက်သီးနှံများကို
တိုးချဲ့စိုက်ပျိုးသွားကြစေလိုကြောင်း၊ ထိုသို့ စိုက်ပျိုးခြင်းဖြင့် ဒေသတွင်း
ဆီဖူလုံမှုတိုးတက်လာ မည်ဖြစ်ပြီး ပြည်တွင်းဆီဖူလုံမှုကို များစွာ အထောက်အကူပြုစေနိုင်
မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေး
လုပ်ငန်းများ တိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရန်၊ စိုက်ပျိုးရန်
ကောင်းမွန်သည့် မြေအမျိုးအစားဖြစ်စေရေး မြေပြုပြင်ခြင်း လုပ်ငန်းများကို
ဆောင်ရွက်ရန်နှင့် သွင်းအားစုများ ထည့်သွင်းရန်၊ စိုက်ပျိုးရေများ လုံလောက်စွာ
ရရှိစေရေး လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်နှင့် နည်းစနစ်တကျ
စိုက်ပျိုးရန်စသည့် မျိုး၊ မြေ၊ ရေ၊ နည်းလေးမျိုး စလုံး ပြည့်စုံအောင်
ဆောင်ရွက်ရန်လိုကြောင်း၊ သာပေါင်းဒေသတွင် ဝါးများစွာထွက်ရှိသဖြင့် ဝါးကို
အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်သွားနိုင်ရန်အတွက်
ဝါးကိုတန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွား
ကြရမည်ဖြစ်ကြောင်း။
မွေးမြူရေးနှင့်
ပတ်သက်၍ ဒေသ အတွင်း အသား၊ ငါးနှင့်
ဥများ လုံလောက်စွာရရှိရေး မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုကြောင်း၊
စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများ ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်ရန်အတွက်
စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်ပညာရှင် ပညာတတ် လူသား အရင်းအမြစ်များ
လိုအပ်သဖြင့် ကျေးလက်ပညာရည် မြင့်မားစေရေးကို ဆောင်ရွက်ပေးသွားရန်လို ကြောင်း၊
ဒေသအတွင်း ပညာတတ် လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာမှသာ ဒေသဖွံ့ဖြိုး
တိုးတက်ရေးကို များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ
ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်း တစ်လျှောက်၌ ကြုံတွေ့ခဲ့ရသည့် အရေးအခင်းများ၊
ပဋိပက္ခများ၊ ဆူပူမှုများ၏ အကြောင်းအရင်းကိုကြည့်မည်ဆိုပါက အသိပညာ၊ အတတ်ပညာ
အားနည်းသည့် အခြေခံအချက် ဖြစ်သည်ကိုတွေ့ရကြောင်း၊ အဆိုပါအချက်ကို အသုံးချ၍
ပြည်တွင်း၊ ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုများကြောင့် ပြည်တွင်း ပဋိပက္ခများ
ဖြစ်ပွားခဲ့သည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်အတွင်း
ပညာတတ် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေး ပညာရေးကဏ္ဍကို
မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သာပေါင်းဒေသတွင် နေထိုင်ကြသည့်
မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများကလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို
အထောက်အကူပြုစေမည့် ပညာရေးကဏ္ဍမြှင့်တင်ခြင်းကို အားပေးဆောင်ရွက်သွားကြရန် လိုကြောင်း။
မိမိတို့နိုင်ငံသည်
စိုက်ပျိုးရေး နှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို ဆောင်ရွက်နေသော
နိုင်ငံဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာ
အထက်တန်းကျောင်းများကို ခရိုင် များအလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊
သာပေါင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် နေထိုင်ကြသည့်သူများ ကပင်
ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက် ၍လည်း
တစ်ဦးချင်း ကျန်းမာကြံ့ခိုင်သန်စွမ်းမှုရှိစေရေးအတွက် ကျန်းမာရေးနှင့်
ညီညွတ်မျှတသည့် စားသောက်နေထိုင်သွားလာမှုရှိရ မည်ဖြစ်ကြောင်း၊ ငယ်စဉ်အခါတွင်
ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုး ကြီးထွားစေရေးအတွက် အာဟာရပြည့်ဝသည့် အစားအစာများကို
စားသုံးရမည်၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းအရွယ်တွင် ကျန်းမာကြံ့ခိုင်ရေးအတွက်
ကျန်းမာရေးအတွက် ညီညွတ်မျှတစေမည့် အစားအစာများကို စားသုံး ကြရန်လိုကြောင်း။
မိမိတို့အနေဖြင့်
နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင်ရေး အတွက်
ရွေးကောက်ပွဲအပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်
ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၂) နှင့် အပိုင်း (၃) ကို မကြာမီ အချိန်အတွင်း
ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးရာတွင် ဒေသအကျိုး၊
နိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူ၊ တို့တာဝန် အရေးသုံးပါးကို
လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံတည်ရှိနေသရွေ့ တည်တံ့ခိုင်မြဲစွာ တည်ရှိနေမည့်
တပ်မတော်နှင့် လက်တွဲ၍ နိုင်ငံတော်၏ ကောင်းရာကောင်းကျိုးကို ဆောင်ရွက်နိုင်မည့်
ကိုယ်စားလှယ် လောင်းများကို ရွေးချယ်၍ ဆန္ဒမဲပေးနိုင်ရန်လိုကြောင်း၊
ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပချိန်တွင် နိုင်ငံတကာမှ
စောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့ပြီး ကောင်းမွန်သည့် သုံးသပ်ချက်များ
ရရှိခဲ့ကြောင်း၊ နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်
လျှောက်လှမ်းလိုသူ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင်
ဆန္ဒမဲများပေးကြရန် လိုကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ကောင်းမွန်သည့်သူ၊
ပညာတတ်သည့်သူ၊ ဒေသနှင့် နိုင်ငံ့အကျိုး ဆောင်ရွက်ရန်အတွက်
အတွေ့အကြုံရှိသည့်သူများကို ရွေးချယ်နိုင်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်
ဥက္ကဋ္ဌသည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments