ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
ရန်ကုန် ဇန်နဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်
အမှတ် (၆၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်
ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က အမှတ်(၃) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌
ကျင်းပသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်
အခမ်းအနားကို စတင်ဖွင့်လှစ်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်
ဒေါက်တာရွှေပြည်စိုးက အမှာစကားပြောကြားပြီး ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်
အလှူငွေကျပ် ၁၀ သိန်းကို လှူဒါန်းသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က
မုဒိတာစကား ပြောကြားပြီး စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့သည့် အမှတ်(၆၉)ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ အမှတ်(၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်းမှ
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက
ဂုဏ်ပြုလက်ဆောင်များနှင့် ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက တေးသရုပ်ဖော်များဖြင့်
သီဆို၊ ကပြဖျော်ဖြေခဲ့ကြသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)

No comments