အင်ဒရူးကို တော်ဝင်ထီးနန်းဆက်ခံခွင့်ဆိုင်ရာ စာရင်းမှဖယ်ရှားရန် ဗြိတိန်အစိုးရ စဉ်းစား



လန်ဒန် ဖေဖော်ဝါရီ ၂၁

ဗြိတိန်တော်ဝင် မင်းသားဟောင်းနှင့် တတိယမြောက် ချားလ်ဘုရင်၏ညီတော် အင်ဒရူးမောင့်ဘက်တန် ဝင်ဆာကို တော်ဝင်မိသားစု ထီးနန်းဆက်ခံခွင့်ဆိုင်ရာ စာရင်းမှဖယ်ရှားသွားရန် ဥပဒေပြဋ္ဌာန်းရေး စဉ်းစားသုံးသပ်နေသည်ဟု ဗြိတိန်မီဒီယာများ၏ ဖေဖော်ဝါရီ ၂၀ ရက် ထုတ်ပြန်ချက်များအရ သိရသည်။


ရဲတပ်ဖွဲ့က ၎င်းအပေါ် စုံစမ်းစစ်ဆေးမှု ပြီးသွားသည်နှင့်တစ်ပြိုင်နက် ယင်းသို့ဆောင်ရွက်မှုကို လုပ်ဆောင်သွားဖွယ်ရှိ သည်။ အများပြည်သူဆိုင်ရာ လုပ်ငန်းတာဝန်များ လုပ်ဆောင်စဉ် မလျော်ကန်သည့်လုပ်ရပ်များ လုပ်ဆောင်မှု သံသယဖြင့် အင်ဒရူးကို ဖေဖော်ဝါရီ ၁၉ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။


နာရီအနည်းငယ်ကြာ ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။ သေဆုံးသွားပြီဖြစ်သော အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းရှင်နှင့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဂျက်ဖရီအက်ပ်စတိန်းနှင့် ၎င်း၏ အတိတ်ကပတ်သက်မှုများကို ပြန်လည်စိစစ်မှုများလုပ်ဆောင်နေစဉ် ယခုကဲ့သို့လုပ်ဆောင်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။


တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ၎င်း၏အပြည့်အဝပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရရှိထားကြောင်း တတိယ မြောက်ချားလ်ဘုရင်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောသည်။ မောင့်ဘက်တန်ဝင်ဆာသည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ၎င်း၏တော်ဝင် အဆောင်အယောင်နှင့် အဆင့်အတန်းများ ရုပ်သိမ်းခံခဲ့ရပြီး တော်ဝင်အိမ်တော်မှ ဖယ်ရှားခံခဲ့ရသည်။


ထိုအချိန်မှစတင်၍ ၎င်းကို အင်ဒရူးမောင့်ဘက် တန်ဝင်ဆာဟုသာ ခေါ်ဆိုပြီး ပုဂ္ဂလိကနေအိမ်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ဆင်ဟွာ

No comments

Powered by Blogger.