လူ့ဂုဏ်သိက္ခာ တရားမျှတမှုနှင့် ဥပဒေစိုးမိုးရေး၏ အရေးပါမှု
ဒေါက်တာခိုင်ခိုင်ဝင်း
လူရယ်လို့ ဖြစ်လာခဲ့လျှင် ချမ်းသာ၊ ဆင်းရဲ မည်သူမဆို လူ့ဂုဏ်သိက္ခာ တန်းတူရှိကြသလို ဥပဒေအရလည်း တရားမျှတမှုကို တန်းတူရပိုင်ခွင့်ရှိကြသူများ ဖြစ်ပါသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် “ဂုဏ်သိက္ခာ၊ တရားမျှတမှု၊ ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး” စသည့် စကားလုံးများကို နေရာအမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးတွင် တွင်ကျယ်စွာ ပြောဆိုအသုံးပြုလာကြသည်ကို ကြားသိ၊ တွေ့မြင်နေရပါသည်။
လူတို့တွင် ကျား၊ မ၊ လူမျိုး၊ ဘာသာ၊ အဆင့် အတန်း၊ ကိုးကွယ်သည့်ဘာသာ၊ အသားအရောင် အစရှိသဖြင့် ကွဲပြားနေသည့်တိုင် ဂုဏ်သိက္ခာဆိုသည်မှာ ယင်းအရာတို့တွင် မူတည်ခွဲခြားထားသည့် အရာမဟုတ်ဘဲ လွတ်လပ်စွာ မွေးဖွားလာသည့် လူသားတိုင်းတွင် အခြေခံရရှိထားပြီးဖြစ်သော တူညီသည့် အခွင့်အရေးတစ်ခုဖြစ်ပါသည်။ သို့သော် လက်တွေ့ဘဝတွင်မူ လူတို့သည် ဂုဏ်သိက္ခာကို ကိုယ်ချစ်ခင်နှစ်သက်သူများ၊ ရာထူးအဆင့်အတန်းနှင့် ငွေကြေးဓန များအပေါ်တွင် မူတည်အသုံးပြုကြသည်ကို ဝမ်းနည်းဖွယ်မြင်တွေ့နေရပါသည်။ ထိုသို့သော ရွေးချယ်သတ်မှတ်မှုများ သည် လူ့အခွင့်အရေး၏ အခြေခံအယူအဆကို ထိပါးချိုးဖောက်နေခြင်း ဖြစ်ပါသည်။
တရားမျှတမှုသည် လူသားတိုင်းအတွက် ညီမျှမှုရှိရမည်ဖြစ်ပြီး မချိုးဖောက်ရမည့် အခြေခံသဘောတရား ဖြစ်ပါသည်။ အဆိုပါအခြေခံသဘော တရားချိုးဖောက်သည့် အခြေအနေများတွင် ဥပဒေစိုးမိုးမှုသည် အားနည်းသွားပြီး တရားမျှတမှုဆို သည့်အရာသည် အားကောင်းသူများ၏ အကျိုးအမြတ်အလိုက် ပုံစံပြောင်းအခြေအနေများ ဖြစ်လာနိုင်သည်လည်း ဖြစ်ပါသည်။ ထိုသို့သော အခြေအနေသည် နိုင်ငံတစ်နိုင်ငံတွင်ဖြစ်ပေါ်နေပါက အဆိုပါနိုင်ငံအတွင်း နေထိုင်ကြသည့် လူထု၏ယုံကြည်မှုသည် အုပ်ချုပ်သူအစိုးရအပေါ် လျော့နည်းလာစေပြီး လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုများလည်း ဖြစ်လာစေမည်ဖြစ်ပါသည်။
လူ့အသိုက်အဝန်းတစ်ခု တည်ငြိမ်မှုရရှိနိုင်ရန် အတွက် တရားမျှတမှု (Justice)၊ လူသားဂုဏ်သိက္ခာ (Dignity) အပြည့်အဝထိန်းသိမ်းနိုင်မှု၊ ဥပဒေ များအကောင်အထည်ဖော်နိုင်မှု (Law enforce-ment) နှင့် လူ့အခွင့်အရေး (Human Rights) တို့ သည် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေကြပြီး ယင်းတို့သည် သီးခြားစီတည်ရှိနေခြင်းမဟုတ်ဘဲ အပြန်အလှန်ဆက်နွှယ်ပတ်သက်မှု ရှိကြကာ တစ်ခု နှင့်တစ်ခု အားဖြည့်ပံ့ပိုးပေးနေကြသည့် ထောက်တိုင် များဖြစ်ပါသည်။ အဆိုပါ အချက်လေးချက်၏ ဆက်စပ်ညီညွတ်မှုသည် တရားဥပဒေအပေါ် အခြေခံသည့် လူသားဆန်သော လူ့အဖွဲ့အစည်း တစ်ခုကို တည်ဆောက်နိုင်ရန် အရေးပါဆုံးသော အခြေခံအကြောင်းအရာများ ဖြစ်ပါသည်။
ဥပဒေစိုးမိုးရေးသည် လူထုယုံကြည်မှုအပေါ် တည်ဆောက်ထားသောကြောင့် ဥပဒေစိုးမိုးရေး ဆောင်ရွက်နေကြသူများ အနေဖြင့် တရားမျှတမှုရှိစွာ ဆောင်ရွက်နိုင်မှသာလျှင် ပြည်သူလူထု၏ ချစ်ခင်၊ ယုံကြည်၊ ကိုးစားမှုကိုရရှိမှာဖြစ်ပါသည်။ တရားမျှတမှုဆိုသည်မှာ လူတိုင်းဥပဒေအရှေ့တွင် တူညီစွာဆက်ဆံခံရခြင်း၊ အပြစ်ရှိသူကိုသာ အပြစ်ပေးခြင်း၊ အပြစ်မဲ့သူအား ကာကွယ်ပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ အပြစ်မဲ့သူတစ်ဦးအား တရားမျှတမှုမရှိစွာ စီရင် ဆောင်ရွက်ခြင်းသည် လူ့ဂုဏ်သိက္ခာ ထိပါးခံရခြင်းနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်စေပါသည်။
ဥပမာအားဖြင့် လူတစ်ဦးသည် လိမ်လည်တိုင်ကြားခံရပြီး တရားစွဲဆိုခံရကာ အချုပ်ချခံနေရသောအခြေအနေတွင် အဆိုပါစွပ်စွဲခံရသူ၏ လူ့ဂုဏ်သိက္ခာနှင့် အခြေခံလူ့အခွင့်အရေးများသည် အလွန်အမင်း ထိခိုက်နစ်နာနိုင်ပါသည်။ အထူး သဖြင့် အပြစ်မရှိသူတစ်ဦးအား တရားစွဲဆိုခြင်း သို့မဟုတ် အချုပ်ချထားခြင်းသည် ဥပဒေအရ အပြစ်မရှိဟု သတ်မှတ် ခံရသည်အထိ အပြစ်ရှိသူကဲ့သို့ ဆက်ဆံခံရစေပြီး လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။ ထိုသို့သော အခြေအနေများတွင် ဥပဒေအကောင် အထည်ဖော်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်း များသည် အမှုအခြေအနေကို မြန်ဆန်ထိရောက်စွာ စစ်ဆေးဆောင်ရွက်ရန်သာမက တရားမျှတမှုအခြေခံ သည့် မှန်ကန်သော လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန် တာဝန်ရှိပါသည်။ အပြစ်မရှိကြောင်း အတည်ပြုနိုင်သော အချက် အလက်များကို လျစ်လျူရှုခြင်း သို့မဟုတ် စစ်ဆေးမှုနှောင့်နှေးခြင်းသည် အချုပ်ချခံရသူ၏ အခြေခံ လူ့အခွင့်အရေး များဖြစ်သည့် လွတ်လပ်ခွင့်၊ ဂုဏ်သိက္ခာခံစားခွင့်နှင့် တရားမျှတသော စီရင်မှုခံစားခွင့်တို့ကို ဆက်လက်ချိုးဖောက် နေခြင်းနှင့် တူညီပါသည်။
နောက်ဆုံးတွင် အဆိုပါလူသည် အပြစ်မရှိ ကြောင်း သက်သေပြနိုင်ခဲ့ပါက ယခင်က ခံစားခဲ့ရသည့် အချုပ်ချခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် ဂုဏ်သိက္ခာဆိုင်ရာ နစ်နာမှုများသည် ပြန်လည်ပြုပြင်ရန် အလွန်ခက်ခဲ သည့် ဆုံးရှုံးမှုများဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် အပြစ်မရှိသူအား မလိုအပ်ဘဲ အချုပ်ချထားခြင်းကို တတ်နိုင်သမျှ လျှော့ချခြင်း၊ အမှုစစ်ဆေးမှုများကို မြန်မြန်ဆန်ဆန်နှင့် တရားမျှတစွာ ဆောင်ရွက်ခြင်းတို့သည် လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများကို ကာကွယ်ရန်အတွက် ဥပဒေအကောင် အထည်ဖော်ရေးနှင့် တရားစီရင်ရေးအဖွဲ့အစည်း များ၏ အမြဲမပြတ်လိုအပ်သော တာဝန်ဖြစ်ပါသည်။
သို့ဖြစ်ရာ ဥပဒေစိုးမိုးရေးဆောင်ရွက်ကြသူတာဝန်ရှိသူတစ်ဦးချင်းစီ၏ သမာဓိနှင့် တာဝန်ယူမှုသည် တရားမျှတမှုတည်တံ့ ရေး၏ အခြေခံ ကျောက်တိုင်ဖြစ်ပြီး ဥပဒေစိုးမိုးရေးတွင် ပါဝင်သူ တိင်းသည် တရားမျှတမှု၊ တာဝန်ယူမှုနှင့် သမာဓိ တို့ကို အမြဲတမ်းလမ်းညွှန်ချက်အဖြစ် ထားရှိရပါ မည်။ ထိုသို့ ပြုလုပ်နိုင်မှသာ နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအပေါ် လူထုယုံကြည်မှုကို တိုးတက်စေမည်ဖြစ်ပါသည်။ ဆိုရပါလျှင် လူ့ဂုဏ်သိက္ခာလေးစားမှုနှင့် တရားမျှတမှုရှိရေးတို့သည် လူ့အဖွဲ့အစည်း တည်တံ့ရေး၏ အခြေခံကျောက်တိုင်များ ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် တရားမျှတမှုသည် လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးသည့် အဓိကယန္တရားဖြစ်ပြီး ဥပဒေစိုးမိုး ရေးသည်ဥပဒေကို လူတိုင်းအတွက် တူညီစွာအသုံးချနိုင်စေရန်နှင့် လူထု၏ ယုံကြည်မှုကို တည်ဆောက်သည့် အရေးပါဆုံးသော စနစ်တစ်ရပ်ဖြစ်ပါသည်။ လူ့အဖွဲ့အစည်း ရေရှည်တည်တံ့ဖွံ့ဖြိုးမှုနှင့် လူသားတန်ဖိုးများအမှန်တကယ် အလေးထားကာကွယ်နိုင်ကြစေရန် လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနှင့် ဥပဒေစိုးမိုးရေးတို့သည် အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments