လူလိုက်ပါသည့် လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ် အစောဆုံးလွှတ်တင်မည့်ရက် နာဆာ သတ်မှတ်
ဝါရှင်တန် ဖေဖော်ဝါရီ ၂၁
လောင်စာဖြည့်စမ်းသပ်မှု အောင်မြင်စွာလုပ်ဆောင်ပြီးနောက် အာကာသယာဉ်မှူးများကို လကမ္ဘာ ပတ်လမ်းကြောင်းသို့ စေလွှတ်မည့်ရက်ကို အစောဆုံး မတ် ၆ ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ပြောကြားလိုက်သည်။
လူလိုက်ပါပြီး လကမ္ဘာသို့ ၁၀ ရက်ကြာ စမ်းသပ်ပျံသန်းမည့်ခရီးစဉ်မှာ ဂျပန်နှင့်ဥရောပတို့ပါဝင်ပြီး အမေရိကန်ဦးဆောင်မည့် လကမ္ဘာစူးစမ်းလေ့လာ ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ အဆိုပါ စမ်းသပ်ပျံသန်းမှုခရီးစဉ်ကို ယခုလအစောပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း နာဆာအင်ဂျင်နီယာ များက စမ်းသပ်လုပ်ဆောင်မှုတစ်ခုအတွင်း ဓာတ်ငွေ့ယိုစိမ့်ဖြစ်ပွားမှု ရှာဖွေတွေ့ရှိပြီးနောက် လွှတ်တင်မှု ကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
နာဆာအဖွဲ့သည် အစိတ်အပိုင်းအချို့ လဲလှယ် ခြင်းများအပါအဝင် လိုအပ်သည့် ပြင်ဆင်လုပ်ဆောင်မှု များကို ဆောင်ရွက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဒုတိယအကြိမ် စမ်းသပ်စစ်ဆေးမှုလုပ်ဆောင် ခဲ့ကြောင်း သိရသည်။ စမ်းသပ် စစ်ဆေးမှုများ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ပျံသန်းမှုဆိုင်ရာ အဆင်သင့်ဖြစ်မှုကို ပြန်လည်ဆန်းစစ်ပြီးနောက် လွှတ်တင်မှုကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အာကာသအေဂျင်စီက ပြောကြားသည်။
ယင်းလွှတ်တင်မှုမှာ လူသားများသည် ကမ္ဘာ ပတ်လမ်းကြောင်းကို ကျော်လွန်ပြီး လကမ္ဘာဆီသို့ နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံးအကြိမ် ခရီးနှင်သည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ လူသားများ လကမ္ဘာဆီသို့ နောက်ဆုံးအကြိမ် ခရီးသွားခဲ့ခြင်းမှာ ၁၉၇၂ ခုနှစ်ဖြစ်ပြီး အပိုလို ၁၇ မစ်ရှင် လကမ္ဘာပေါ်သို့ ဆင်းသက်ခဲ့စဉ်က ဖြစ်သည်။
အင်န်အိတ်ချ်ကေ

No comments