စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
စစ်တွေ ဖေဖော်ဝါရီ ၂၁
စစ်တွေမြို့နယ်အတွင်း အငြိမ်းစား ဝန်ထမ်းများ ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြည့်ရှုအားပေးကြပြီး စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ် များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ပင်စင်လစာ ထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုနှင့် စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေး စောင့်ရှောက်ပေးနေမှုတို့ကို ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့် စားသောက်ဖွယ်ရာများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ပေးအပ်ကြသည်။
အငြိမ်းစားဝန်ထမ်းများကို ပင်စင် လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ နှင့် ကျန်းမာရေးဝန်ထမ်းများ က သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ပေးအပ်သည်။
ဆက်လက်၍ စစ်တွေမြို့ မင်းဂံရပ်ကွက်အေဘီစီ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဂေဟာသွားလမ်း ကွန်ကရစ်ခင်းခြင်း နှင့် ဦးမြဝါလမ်းမှ စန္ဒသူရိယလမ်းအထိ (စန္ဒသူရိယလမ်းမှ အေဘီစီကျောင်းအထိ) ကွန်ကရစ်ခင်းခြင်းတို့ကို ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက် သွားကြရန် မှာကြားသည်။
ထို့နောက် အေဘီစီ ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်ပြီး ဂေဟာအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးများရရှိရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုကြပြီး ကလေးသူငယ်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် မင်းဂံရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံကာ ရပ်ကွက်အတွင်း လမ်းများကောင်းမွန်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန် ဆရာတော်အား သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမကြီးမှ အဓိဋ္ဌာန်ဘုန်းတော်ကြီးကျောင်းသို့ အဝင်လမ်းကို မြေသားလမ်းပြုလုပ်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments