ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ပူဇာနှင့် စာအောင်သံဃာတော်အရှင်သူမြတ်များအား ပူဇော်ပွဲကျင်းပ

 




ရန်ကုန် ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၁၆၈)ရပ်ကွက် မေတ္တာရိပ် ဆွမ်းလောင်းအသင်းကြီးက ကြီးမှူးပူဇော်အပ်သော မဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ပူဇာနှင့် စာအောင်သံဃာတော် အရှင်သူမြတ်များအား ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီက အမှတ်(၁၆၈)ရပ်ကွက် ချမ်းမြေ့မေတ္တာကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်၍ ကြွရောက်တော်မူလာသော ဆရာတော်ကြီးနှင့်တကွ သံဃာတော်အရှင်သူမြတ်များအား အမှတ် (၁၆၈)ရပ်ကွက် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ချမ်းမြေ့ မေတ္တာကျောင်းတိုက် ဆရာတော်က ဝမ်းမြောက်စွာ ကျေးဇူးတင်စကား မိန့်ကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်တော်မူသော သာသနာပြုဘွဲ့ “မဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တော်ရ ရွှေတောင်ဦး ပရဟိတ ကျောင်းတိုက်ဦးစီးပဓာန ဆရာတော် ဘဒ္ဒန္တ အရှင်ဣန္ဒသာရ အရှင်သူမြတ်နှင့် ၂၀၂၅ ခုနှစ်တွင် အစိုးရပရိယတ္တိ စာမေးပွဲအောင်မြင်တော်မူကြကုန်သော သာသနာ့အာဇာနည် သုတဗုဒ္ဓအရှင်သူမြတ်တို့အား တပည့်ဒါယကာ ဒါယိကာမများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဂုဏ်ပြုပူဇော်ခဲ့ကြောင်း သိရသည်။

 ဖြိုးစန္ဒာ(ဆိပ်ကမ်း)

No comments

Powered by Blogger.