သုံးခွမြို့နယ်၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 


သုံးခွ ဖေဖော်ဝါရီ ၅

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ကျေးရွာအများစုတွင် ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ဆောင်းနေကြာစိုက်ပျိုးမှုကို နိုဝင်ဘာလမှ စတင်ကြဲပက် စိုက်ပျိုးကြကြောင်း သိရသည်။

 

နေကြာမျိုးစေ့များ ဖြန့်ဝေပေး

သုံးခွမြို့နယ်တွင် ဆီထွက်သီးနှံဆောင်းနေကြာကို ယခင်က စိုက်ပျိုးသူနည်ပါးသော်လည်း ယခုအခါ စားသုံးဆီဖူလုံရေး၊ မိသားစုအပိုဝင်ငွေရရှိရေးအတွက် စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ နေကြာသီးနှံကို သီးထပ်၊ သီးညှပ် စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုးထဲ စိုက်ပျိုးကြသည်များလည်းရှိကြောင်း၊ ဆောင်းနေကြာ စိုက်ပျိုးခြင်းကို နိုဝင်ဘာလမှ စတင်ကြဲပက်စိုက်ပျိုးကြကြောင်း၊ နေကြာသက်တမ်း (၉၅)ရက်ကြာလျှင် ရင့်မှည့်ခူးဆွတ်ကြရပြီး ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးကောင်းမျိုးသန့်များကို တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများ လက်ဝယ်အရောက် နေကြာမျိုးစေ့များ ဖြန့်ဝေပေးခဲ့သည်။

 

ယခုနှစ်တွင် ဆောင်းနေကြာကို သုံးခွမြို့နယ်ရှိ မဟာမိတ်ကျေးရွာ၊ ကြုံကြိတ်ကျေးရွာ၊ စံပါယ်ချောင်ကျေးရွာနှင့် မင်းရွာအသင်းကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြကာ ဆောင်းသီးနှံနေကြာ ၂၂၁ ဧကကျော် စိုက်ပျိုးထားရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း နည်းပညာနှင့် သွင်းအားစုများကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)

No comments

Powered by Blogger.