သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်စည်များနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့်ယာဉ်များ ဖမ်းဆီးရမိ

 


နေပြည်တော် ဖေဖော်ဝါရီ ၈

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ တာဝန်သိပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းမှန် ၅၉ ကြိမ်ရရှိခဲ့ပြီး သတင်းရရှိမှုကြောင့် ဖမ်းဆီးရမိ အမှုတွဲ ၁၄၅ မှု၊ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၃၆ ဒသမ ၉၄၈ သန်းနှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် လိုင်စင်ရှိ/ လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။

 

သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်သစ်မျိုးစုံနှင့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများဖြစ်သည့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများအပါအဝင် တရားမဝင် ကုန်ပစ္စည်းတင်ဆောင်သည့် လိုင်စင်ရှိ/လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ ဆိုင်ကယ်များနှင့် တရားမဝင်ငါးဖမ်းစက်လှေများ သိမ်းဆည်းရမိခဲ့ပါသည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင် နိုင်မှုစွမ်းအားကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာ ဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သဖြင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်တင်ပို့/ တင်သွင်းမှုများအား သတင်းပေးတိုင်ကြားရန်ဖြစ်သည်။

 

၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း လျှို့ဝှက်ပေးထားမည်ဖြစ်ပြီး ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၃၆ ဒသမ ၉၄၈ သန်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ကျပ်သန်း ၂၄၆၇ ဒသမ ၃၉၀ ကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဌာနများမှ မြန်မြန်ဆန်ဆန် ဆုချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် တာဝန်သိ ပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့် ပတ်သက်၍ လက်ကိုင်ဖုန်း-၀၉၆၉၉၆၁၁၁၁၆၊ အော်တိုတယ်လီဖုန်းနံပါတ်- ၀၆၇-၄၀၉၈၈၃ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ပါကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.