၂၀၂၅ ခုနှစ်တွင် ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြား ခရီးသွားအရေအတွက် စံချိန်တင် မြင့်တက်



တိုကျို ဖေဖော်ဝါရီ ၁၂

 

ဂျပန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံကြား ခရီးသွားအရေအတွက်သည် ၂၀၂၅ ခုနှစ်တွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

 

ယမန်နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ဂျပန်ခရီးသည် ၃ ဒသမ ၆၅ သန်း လာရောက် လည်ပတ်ခဲ့ကြောင်း ကိုရီးယားခရီးသွားအဖွဲ့က ပြောကြားသည်။ အဆိုပါအရေအတွက်သည် ယခင်နှစ် ထက် ၄၀၀၀၀ ကျော် တိုးလာခဲ့သည်။

 

အလားတူ ဂျပန်နိုင်ငံသို့ တောင်ကိုရီးယားခရီးသည် ၉ ဒသမ ၄၅ သန်းကျော် လာရောက်ခဲ့ကြောင်း ဂျပန်အမျိုးသား ခရီးသွားလုပ်ငန်းအဖွဲ့၏ ပြောကြားချက်အရ သိရသည်။ နှစ်နိုင်ငံအကြား ခရီးသွားအရေ အတွက်သည် ၁၃ သန်းကျော် စံချိန်တင်မြင့်တက်လာခဲ့သည်။

 

တိုကျိုနှင့် အိုဆာကာကဲ့သို့ ဂျပန်မြို့ကြီးများတွင်သာမက တောင်ကိုရီးယား ခရီးသွားများသည် ရေပူစမ်းများနှင့် ဂေါက်ကွင်းများသို့ သွားရောက်လည်ပတ်မှုများပြားလာသည်။ တောင်ကိုရီးယား နိုင်ငံသည် K-POP နှင့် တောင်ကိုရီးယား ဒရာမာများကို အလွန်စိတ်ဝင်စားသော ဂျပန်ခရီးသွားများ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များအတွက် ရေပန်းစားသော နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေသည်။

 

ထို့ပြင် လေကြောင်းလိုင်း ကုမ္ပဏီများသည် မကြာသေးမီနှစ်များအတွင်း ဂျပန်နှင့်တောင်ကိုရီးယားရှိ ဒေသတွင်း မြို့များအကြား ပုံမှန်ပျံသန်းမှုတိုးမြှင့်ခဲ့သည်။ ဂျပန်နိုင်ငံ၏ ရှင်ဇူကာမြို့နှင့် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တို့အကြား ပထမဆုံးလေကြောင်း ပျံသန်းမှုကို မတ်လတွင် စတင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.