အွန်လိုင်းမှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်းစနစ်ဖြင့် ဝယ်ယူထားသည့် ရထားစီး ခရီးသည်များ စီးနင်းမှုများပြား



နေပြည်တော် ဖေဖော်ဝါရီ ၇

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွား ပြည်သူများအား ရထားလက်မှတ်ဝယ်ယူရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရထား လက်မှတ်များကို အွန်လိုင်းမှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်းစနစ်အား ရှေ့ပြေးစမ်းသပ်မှု အစီအစဉ် (Pilot Project) အဖြစ် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို ခရီးစဉ်အစအဆုံး လိုက်ပါကြမည့် ခရီးသည်များ အတွက် ခုနစ်ရက် ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများမှ စီးနင်းလိုက်ပါကြမည့် ခရီးသည်များအတွက် သုံးရက်ကြိုတင်၍ လည်းကောင်း၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ရောင်းချပေးခဲ့ရာ ရထားစီးခရီးသည်များအနေဖြင့် လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ကြောင်းနှင့် ယနေ့စတင် လိုက်ပါစီးနင်းမှု အထူးပင်များပြားကြောင်း သိရသည်။

 

အဆိုပါ အွန်လိုင်းစနစ်ဖြင့် ရထားလက်မှတ် ဝယ်ယူစီးနင်းလိုက်ပါခဲ့ကြသည့် အမှတ် (၁၁) အဆန်/(၁၂) အစုန် (ရန်ကုန် - မန္တလေး - ရန်ကုန်) ခရီးစဉ်၊ အမှတ်(၇)အဆန်/(၈)အစုန်၊ အမှတ်(၃၁) အဆန်/(၃၂)အစုန် DEMU အမြန်ရထား (နေပြည်တော် - ရန်ကုန် - နေပြည်တော်) ခရီးစဉ်နှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် လူစီးအမြန်ရထား (နေပြည်တော် - မန္တလေး - နေပြည်တော်) ခရီးစဉ်များဖြင့် ယနေ့စတင်လိုက်ပါစီးနင်းခဲ့ကြသည့် ခရီးသည်များအား မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ORTP စနစ်ဖြင့် လက်မှတ်ဝယ်ယူရာတွင် အခက်အခဲတွေ့ကြုံရခြင်း ရှိ/မရှိ တွေ့ဆုံမေးမြန်းခဲ့ပြီး ORTP စနစ်ဖြင့် အွန်လိုင်းမှ ပထမဆုံး စတင်လက်မှတ်ဝယ်ယူခဲ့ကြသည့် ရထားခရီးစဉ်အလိုက် ခရီးသည်သုံးဦးစီကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 

ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်း ယနေ့ပြေးဆွဲသည့် လူစီးအမြန်ရထား အစုန်/အဆန် ရှစ်စင်းကို စီးနင်းလိုက်ပါနိုင်ရန် ခုနစ်ရက်ကြိုတင်ရောင်းချခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်ကတည်းက အွန်လိုင်းပေါ်မှ ဝယ်ယူထားကြသည့် လက်မှတ်စောင်ရေ ၈၇ စောင်ရှိသည်။ ရထားမထွက်ခွာမီ နှစ်ရက်အလိုကတည်းက ရထားခရီးစဉ်များ၏ အထက်တန်းထိုင်ခုံနေရာအားလုံးကိုလည်းကောင်း၊ ရန်ကုန် - နေပြည်တော် - ရန်ကုန် DEMU အမြန်ရထား၏ ပထမတန်း ထိုင်ခုံနေရာများအနက် ၈၀ ရာခိုင်နှုန်းကျော်ကိုလည်းကောင်း အွန်လိုင်းပေါ်မှ ကြိုတင်ဝယ်ယူခဲ့ကြသည်။

 

ရထားစီးခရီးသွားပြည်သူများအနေဖြင့် ORTP စနစ်အသုံးပြုရာတွင် အဆင်မပြေမှုရှိပါက စုံစမ်း မေးမြန်းနိုင်ရန်အတွက် မြန်မာ့မီးရထား Call Center Hotline ဖုန်းနံပါတ် 1188 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါကြောင်း၊ အဆိုပါစနစ်ကို ခရီးသွားပြည်သူများ အကျွမ်းတဝင် သိရှိစေရေးအတွက် စနစ်အသုံးပြုပုံအဆင့်ဆင့်နှင့် ရထားပြေးဆွဲမှုဆိုင်ရာ အချက်အလက်များကို ORTP Info by မြန်မာ့မီးရထားအမည်ဖြင့် လူမှုကွန်ရက်များပေါ်မှလည်း အသိပေးမျှဝေလျက်ရှိသည်။

 

မြန်မာ့မီးရထားအနေဖြင့် ORTP စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရ  -  ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် (Public Private Partnership – PPP Scheme) ဖြင့် တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပုဂ္ဂလိကကုမ္ပဏီအနေဖြင့် ရန်ကုန် - မန္တလေး၊ ရန်ကုန် - မော်လမြိုင်နှင့် ရန်ကုန် - ပြည် - ပုဂံ ရထားလမ်းပိုင်းသုံးခုတွင်ရှိသည့် ဘူတာများ၌ စနစ်အတွက်လိုအပ်သည့် Infrastructure များ တည်ဆောက်တပ်ဆင်ခြင်းနှင့် Software ရေးဆွဲခြင်းတို့ကို သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကာ ယခု ORTP စနစ်အား ရှေ့ပြေးစမ်းသပ်အစီအစဉ် (Pilot Project)အဖြစ် ရန်ကုန် -  နေပြည်တော်  -  မန္တလေး ရထားလမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို အွန်လိုင်းမှ ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.