ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ထုတ်ကုန်ပြသခြင်းအတွက်သာမက MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုးတောင်သူများ၏ လုပ်ငန်းတိုးတက်ရေးအတွက် လက်တွေ့အကူအညီပေးသည့် ပလက်ဖောင်းတစ်ခုအဖြစ် ရည်ရွယ်ကျင်းပသွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၄
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ထုတ်ကုန်ပြသခြင်းအတွက် သာမက MSME လုပ်ငန်းရှင်များနှင့် စိုက်ပျိုးတောင်သူများ၏ လုပ်ငန်းတိုးတက်ရေးအတွက် လက်တွေ့ အကူအညီပေးသည့် ပလက်ဖောင်းတစ်ခုအဖြစ် ရည်ရွယ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊
MSME လုပ်ငန်းများသည် ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအင်အားဖြစ်သည့်အတွက် ပြပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု စီးပွားရေး လုပ်ငန်းများစွာ ပါဝင်ပြသကြမည်ဖြစ်သည်၊၊
ထို့ပြင် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ ဆိုင်ရာပြခန်းများလည်းပါရှိရာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီး ဌာနက ပြပွဲတွင် ငါးခြောက်၊ ပုစွန်ခြောက်အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို အခြေခံ၍ ထုတ်လုပ်ထားသည့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အသေးစား၊ အလတ်စားလုပ်ငန်းများမှ ထုတ်လုပ်သည့် ရေထွက် ကုန်ပစ္စည်းများကို အမျိုးအစားစုံလင်စွာ ပါဝင် ခင်းကျင်းပြသသွားမည်ဖြစ်သည်၊၊
ထိုသို့ ပြသရာတွင် ရေထွက်ကုန်ပစ္စည်းပြုပြင် ထုတ်လုပ်မှုအတွက် အရေးပါသည့် (GHP၊ GMP၊ SSOP) ကဲ့သို့ သန့်ရှင်းရေးနှင့် ဘေးကင်းစေရေးအခြေခံ စနစ်များ၊ အစားအသောက် ဘေးကင်းစေရေးအတွက် ထုတ်လုပ်သူများအနေဖြင့် သိရှိရမည့် အချက်များ၊ ထုတ်လုပ်ခွင့် လိုင်စင်များနှင့် ပတ်သက်သည့်လုပ်ငန်း စဉ်များကိုလည်း ပြပွဲလာရောက်သူများ လေ့လာနိုင်ရန် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်၊၊
ထို့အတူ MSME လုပ်ငန်းရှင်များကို ထုတ်ကုန်နှင့် ပတ်သက်သည့် နည်းပညာဆိုင်ရာ အကြံပေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆက်သွယ်ချိတ်ဆက်လာပါက လိုအပ်သည့် သင်တန်းများ ပေးရေးအပါအဝင် ဈေးကွက်ချိတ်ဆက်မှုများကိုလည်း ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်၊၊
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်)ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်၊၊
မင်းကျော်စွာ

No comments