မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ရှိ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
မော်လမြိုင် မတ် ၅
မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် အများပြည်သူများ စိုးရိမ်ကြောင့်ကြမှု မဖြစ်ပေါ်စေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်၍ ပြည်နယ်အတွင်း လစဉ်အသုံးပြုရန် လိုအပ်သောစက်သုံးဆီများ ပြည်ပ (ပင်လယ်ရေကြောင်း) မှ တင်သွင်းဖြန့်ဖြူးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်သုံးဆီများကို ပြည်ပ(ပင်လယ်ရေကြောင်း) ဆီတင်သင်္ဘောကြီးများမှ စက်သုံးဆီလှောင်ကန်များသို့ ဆီဖြည့်သွင်းနေမှု ၊ စက်သုံးဆီများကို စက်သုံးဆီ အရောင်းဆိုင်များသို့ သယ်ဆောင်ပေးပို့ဖြန့်ဖြူးနိုင်ရေး ဆိပ်ကမ်းရှိ ဆီလှောင်ကန်များမှတစ်ဆင့် ဆီသယ်ယာဉ်များသို့ စက်သုံးဆီများ တင်ယူ ပို့ဆောင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကာ စက်သုံးဆီများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် စက်သုံးဆီဆိုင်များသို့ အဆင်ပြေချောမွေ့မြန်ဆန်စွာ ရောက်ရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ယင်းနောက် ဆိပ်ကမ်းရှိ ရှင်းလင်းဆောင်၌ မွန်ပြည်နယ် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချနေသည့် စက်သုံးဆီလုပ်ငန်းများ၏ တာဝန်ရှိသူများနှင့်တွေ့ဆုံရာ ဆိပ်ကမ်းတာဝန်ခံက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီ များအား ပြည်ပ(ပင်လယ်ရေကြောင်း)မှ တင်သွင်း ဖြန့်ဖြူး ဆောင်ရွက်ထားနေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လိုအပ်သော စက်သုံးဆီများ အမြဲမပြတ် ဝယ်ယူနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်များကလည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျရောင်းချပေးရန်၊ စက်သုံး ဆီများ မြေပြင်တွင် မှန်မှန်ကန်ကန် ရောင်းချနေမှု ရှိ/ မရှိ၊ တရားမဝင်စက်သုံးဆီများ ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းကာ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘာသာ၊ သာသနာနှင့်လူမှုရေး လုပ်ငန်းအပါအဝင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးကြရန်နှင့် စက်သုံးဆီများကို နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းကြရန်မှာကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်အတွင်း စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကို ရှင်းလင်း ပြောကြားကာ စက်သုံးဆီလုပ်ငန်းများမှ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည်းဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments