မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သောသစ်ပင်များ အစားထိုးစိုက်ပျိုးမှု စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်
စစ်တွေ ဧပြီ ၂၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး နည်းပညာ တက္ကသိုလ်(စစ်တွေ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ)မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သစ်တောဦးစီးဌာန ခြံဝင်းအတွင်းရှိ ပျိုးဥယျာဉ်၌ ၂၀၂၆ ခုနှစ် မိုးရာသီတွင် ပြည်သူလူထုဖြန့်ဖြူးနိုင်ရန်အတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင် အပင်များ ပျိုးထောင်စိုက်ပျိုး ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များ၊ သဘာဝဘေးဒဏ်ခံနိုင်သော သစ်ပင်များ၊ အရိပ်ရသစ်ပင်များကို ဦးစားပေး ပျိုးထောင်ထားကြရန်၊ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော သစ်ပင်များကို အစားထိုးစိုက်ပျိုးမှု စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် စိုက်ပျိုးထားသောသစ်ပင်များ ရှင်သန်ကြီးထွားရေး အလေးပေး ဆောင်ရွက်သွားကြရန် မှာကြားသည်။
မှာကြား
ထို့နောက် ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင်အပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု၊ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် စစ်တွေမြို့ ခိုင်သဇင်ပန်းခြံပျိုးဥယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့သန့်ရှင်း သာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး၊ မြေယာရှုခင်းများ ဖော်ဆောင်ရေးတို့တွင် သစ်ပင်ပန်းမန်များ စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ ပျိုးထောင်သွားရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အစိုးရနည်းပညာ အထက်တန်း ကျောင်း(စစ်တွေ)၌ နည်းပညာ တက္ကသိုလ်(စစ်တွေ)၊ အစိုးရ နည်း ပညာ အထက်တန်းကျောင်း (စစ်တွေ)မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က ဆရာ ဆရာမများအနေဖြင့် လက်တွေ့ကျသော ဘာသာရပ်များကို သင်ကြားပေးလျက်ရှိခြင်းကြောင့် လက်တွေ့မြေပြင်တွင် စံချိန်စံညွှန်းနှင့်အညီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်အောင် သင်ကြားပေးကြစေလိုကြောင်း၊ အလားတူ ကျောင်းသား ကျောင်းသူများ အသိပညာ တိုးတက်မြင့်မားရေး အတွက် သုတ၊ ရသစာအုပ်များ လေ့လာဖတ်ရှုနိုင်ရေး ကျောင်း စာကြည့်တိုက်များ မြှင့်တင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသော သင်ထောက်ကူ ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည်များရှိပါကလည်း တင်ပြပေး ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစိုးရနည်းပညာ အထက်တန်းကျောင်း (စစ်တွေ) ကျောင်းအုပ်ကြီး ဒေါက်တာ ဦးကျော်ငြိမ်းက အစိုးရနည်းပညာ အထက်တန်းကျောင်း(စစ်တွေ)၏ အချက်အလက်များ၊ နည်းပညာ တက္ကသိုလ်(စစ်တွေ)မှ ဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါ်ရီရီလှက နည်းပညာတက္ကသိုလ်(စစ်တွေ)၏ အချက်အလက်များကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ စာသင်ခန်း၊ အလုပ်ရုံနှင့် အားကစားကွင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments