မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်
ပွင့်ဖြူ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်နှင့်
စလင်းမြို့နယ်တို့တွင် ဧပြီ ၁၉ ရက် ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့်
အဆိုပါ မြို့နယ်များမှ လေဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် အိမ်ဆောက်ပစ္စည်းဖိုး
ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဧပြီ
၂၀ ရက်က ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပရာ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ အမှာစကား ပြောသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်
တာဝန်ရှိသူများက မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်
ရပ်ကွက် တစ်ရပ်ကွက်နှင့် ကျေးရွာခြောက်ရွာမှ
လုံးဝ ပျက်စီးသွားသော လူနေအိမ် ၄၈ လုံး၊ တစ်စိတ် တစ်ပိုင်း ထိခိုက်ပျက်စီးနေအိမ်
၂၃၈ လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၁၆၇၀၀၀၀၀၊ လေဘေးသင့်ပြည်သူ ၇၈၇ ဦးအတွက် နှစ်ပတ်စာ စားနပ်ရိက္ခာဆန်ဖိုးငွေကျပ်
၃၉၃၅၀၀၀၊ ဒဏ်ရာရသူ တစ်ဦးအတွက် ငွေကျပ် ၅၀၀၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၀၆၈၅၀၀၀ နှင့် တန်ဖိုးငွေ ၅၀၆၈၅၄၄
ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး (အိမ်ထောင်စု ၄၈ စုစာ) စုစုပေါင်း ထောက်ပံ့ငွေ ၂၅၈၅၃၅၄၄
ကျပ်အား လေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင်ကိုကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု
အခြေအနေများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဒေသခံတောင်သူများ နွေစပါးနှင့်
ဆီထွက်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီများ လယ်ယာလုပ်ငန်းခွင်အရောက်
အထူးသက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ
လိုအပ်သည်များကို သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments