ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နေပြည်တော် - တောင်ငူ ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေးနှင့် တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဧပြီ ၁၁
ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊
အမြဲတမ်းအတွင်းဝန်၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့တွင်
တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး
ပြုပြင်ဆောင်ရွက်နေမှု၊ အဆိုပါရထား လမ်းပိုင်းတွင် ဘူတာအသစ်များ ပြန်လည်တည်ဆောက်နေမှု၊
ရထားလမ်းပိုင်းရှိ တံတားများ အခြေအနေ၊ တောင်ငူမြို့ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့်
တံတားလုပ်ငန်းနှင့် တောင်ငူဘူတာသစ်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း၌
မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု
လုပ်ငန်းအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း
စစ်ဆေးပြီး လမ်းပိုင်းအတွင်း အသစ်ပြန်လည် တည်ဆောက်နေသည့်ဘူတာများ သတ်မှတ်ကာလအတွင်း
လုပ်ငန်းများ အမြန်ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ရေး
အလေးထားဆောင်ရွက်ရန်၊ ရထားလမ်းဘေး ဝဲ/ယာ သတ်မှတ် အကွာအဝေးများတွင်
ရေနုတ်မြောင်းများ စနစ်တကျ တူးဖော်သွားရန်၊ တောင်ငူ-နေပြည်တော် ကြား အမြန်နှုန်း
၇၅ ကီလိုမီတာနှုန်း အပြည့်အဝ မောင်းနှင်နိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်း
ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူဘူတာသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌
တောင်ငူခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့ရှောင်ရထားလမ်း
ဆောင်ရွက်နေမှု အခြေအနေကို စီမံကိန်းအင်ဂျင်နီယာက ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်ကာလအမီပြီးစီးရေး၊ သတ်မှတ်ဒီဇိုင်း၊
သတ်မှတ် စံချိန်စံညွှန်းနှင့်အညီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။
ထိုမှတစ်ဆင့်
ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့်
တံတားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာပေါင်မြေကြီးလုပ်ငန်း
ဆောင်ရွက်ရာတွင် အပေါ်ယံမြေလွှာကို ကုန်စင်အောင်ဖယ်ရှား၍ Selected
Borrow Soil ကို သိပ်သည်းမှု ရရှိအောင် အလွှာလိုက်ဖိကြိတ်၍ Compaction ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ရထားလမ်းဘေး
ရေနုတ်မြောင်းများ တစ်ပါတည်းတူးဖော်နိုင်ရေး ဆောင်ရွက်ရန်နှင့် ဘူတာရုံအား
သတ်မှတ်ဒီဇိုင်း၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး၊ ရထားလမ်းအား
သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရန်
မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments