မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ ရေကစားကြသူများဖြင့်စည်ကား၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ ပါဝင်ဆင်နွှဲ



ဘားအံ ဧပြီ ၁၅

 

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ် ဘားအံမြို့တွင် စည်ကားသိုက် မြိုက်စွာ ဆင်ယင်ကျင်းပလျက် ရှိရာ ယနေ့မဟာသင်္ကြန်အကြတ်နေ့တွင် နန်းဖော့အွာသဲသောင်ပြင် သင်္ကြန်၊ ကမ်းနားလမ်းတစ်လျှောက်ရှိ မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များတွင် ရေကစားကြသူများ၊ စတုဒိသာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ ရေကစားမဏ္ဍပ်များသို့ လှည့်လည်၍ ဒေသခံများနှင့်အတူ သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။

 

မဟာသင်္ကြန် အကြတ်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှု၊ နိုင်ငံကျော် တေးသံရှင် အစ္စဏီ၊ D ဖြိုးတို့၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးကြပြီး အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖျန်း၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုသနပ်ခါး မဏ္ဍပ်တွင် အပြန်အလှန်သနပ်ခါးများ လိမ်းခြယ်ပေး၍ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် ဒုံရင်းတိုက်နယ်သဘာဝ စမ်းရေတံခွန် အဝင်လမ်း လမ်းလျှောက်သင်္ကြန်သို့ ရောက်ရှိလာရာ ဒေသခံများနှင့် သင်္ကြန်သမီးပျိုလေးများက ပန်းကုံးစွပ်၍ သနပ်ခါးများ လမ်းခြယ်ကြိုဆိုကြပြီး ပေ ၈၀၀ ခန့် အရှည်ရှိသော လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲ၍ ဒုံရင်းသဘာဝစမ်း ရေတံခွန်အတွင်း ငါးမြစ်ချင်း ကောင်ရေ ၂၀၀၀၀၊ ငါးခုံးမကြီး ကောင်ရေ ၂၀၀၀၀ စုစုပေါင်း ကောင်ရေ ၄၀၀၀၀ ကို ဇီဝိတဒါန ငါးမျိုးစိုက်ထည့်ပေး၍ တည်ခင်းဧည့်ခံသော စတုဒိသာမဏ္ဍပ်တွင် တိုင်းရင်းသားပြည်သူများနှင့်အတူ သင်္ကြန်ထမင်းကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments

Powered by Blogger.