အာဖဂန်နစ္စတန်နိုင်ငံ၌ သဘာဝဘေးကြောင့် သေဆုံးသူ ၁၃၂ ဦး ရှိလာ
ကဘူး ဧပြီ ၇
အာဖဂန်နစ္စတန် နိုင်ငံတွင် မကြာသေးမီကဖြစ်ခဲ့သည့် ရေကြီး ရေလျှံမှု၊ မြေပြိုမှုနှင့် မိုးကြိုးပစ် ခြင်းများကြောင့် သေဆုံးသူအရေအတွက် ၁၃၂ ဦးရှိလာပြီး ၁၉၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲရေး အေဂျင်စီက ဧပြီ ၇ ရက်တွင် ပြောကြားသည်။
ယင်းသဘာဝဘေးများကြောင့် အိမ်ခြေ ၅၃၆၃ လုံး ပျက်စီးခဲ့ပြီး လမ်းအရှည် ၃၅၇ ကီလိုမီတာ ပျက်စီးခဲ့ကာ စိုက်ပျိုးမြေ ၁၅၇၃၂ ဧကနှင့် ဆည်မြောင်းစနစ်များ ပျက်စီးခဲ့ကြောင်း ၎င်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကို သဘာဝဘေးဖြစ်သည့် ဒေသများသို့ စေလွှတ်ခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်သည့် ဒေသများမှ ဒေသခံများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၎င်း အေဂျင်စီက ပြောကြားသည်။
သဘာဝဘေး ဖြစ်ပွားသည့် ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံတာဝန်ရှိ သူများက ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လာမည့်တစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းများ ထပ်မံဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments