အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရေး တရုတ်နိုင်ငံ တောင်းဆို
ပေကျင်း ဧပြီ ၇
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ အမြန်ဆုံးရပ်တန့်ရေးနှင့် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တည်ထောင်ရန် တရုတ်နိုင်ငံက သက်ဆိုင်ရာနိုင်ငံများအား တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ဧပြီ ၇ ရက်တွင် ပြောကြားသည်။
ယင်းပဋိပက္ခရှည်ကြာလာသည်နှင့်အမျှ ဟော်မုဇ်ရေလက်ကြားပိတ်ခြင်းကဲ့သို့သော အကျိုးဆက်များအပေါ် ဝေဖန်မှုများရှိလာပြီး ထိုရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးနှင့် ရေလက်ကြားမှ ဖြတ်၍ သွားလာနိုင်ရေးအတွက် တောင်းဆိုမှုများရှိလာကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခသည် လက်ရှိအချိန်တွင် ဆိုးရွားစွာ ဖြစ်ပွားနေပြီး ကမ္ဘာ့စွမ်းအင်ဖူလုံရေးနှင့် စီးပွားရေးအပေါ် အကျိုး သက်ရောက်မှုများရှိလာသဖြင့် နိုင်ငံတကာမှ ပူပန်မှုများရှိလာကြောင်း ၎င်းက ပြောကြားသည်။ ယင်းပဋိပက္ခဖြစ်ပွားသည့်အချိန်မှ စတင်၍ တရုတ်နိုင်ငံအနေဖြင့် မျှတသည့် နည်းလမ်းဖြင့် ပဋိပက္ခအဆုံးသတ်ရေး အတွက် ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအနေဖြင့် ညှိနှိုင်းဆွေးနွေး မှုများ ဆောင်ရွက်ရန်အတွက် အီရန်၊အစ္စရေး၊ ရုရှားနှင့် ပင်လယ်ကွေ့ နိုင်ငံတို့သို့ ဖုန်းခေါ်ဆိုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တရုတ်အစိုးရ၏ အထူး ကိုယ်စားလှယ်သည် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ပြီး ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ တရုတ်နှင့် ပါကစ္စတန် တို့သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အချက်ငါးချက်ပါရှိသည့် ငြိမ်းချမ်းရေးအဆိုပြုချက်ကို အဆိုပြုခဲ့သည်။ အင်အားသုံး၍ ဖြေရှင်း ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေးကို မရရှိစေဘဲ နိုင်ငံရေးအရ ဆွေးနွေး ခြင်းဖြင့်သာ အဖြေရရှိမည်ဖြစ်ကြောင်းနှင့် အီရန်အား အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ ယခုပဋိပက္ခတွင် ပါဝင်ပတ်သက်သူ များအနေဖြင့် ပဋိပက္ခအဆုံးသတ်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments