မလေးရှားနိုင်ငံ၌ ဇီဝလောင်စာဆီ သုံးစွဲမှုမြှင့်တင်မည်
ကွာလာလမ်ပူ ဧပြီ ၇
ကမ္ဘာတစ်ဝန်း လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကို တုံ့ပြန်ဆောင်ရွက်ခြင်း အပါအဝင် စွမ်းအင်ဖူလုံရေးအတွက် မလေးရှားနိုင်ငံတွင် ဇီဝလောင်စာဆီသုံးစွဲခြင်းကို မြှင့်တင်ရမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ ဇီဝလောင်စာဆီအဖွဲ့အစည်းက ပြောကြားသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက်တွင် ကမောက်ကမဖြစ်ကာ ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများထိခိုက်ခဲ့ပြီး ငွေကြေးဖောင်းပွခြင်းနှင့် စီးပွားရေးထိခိုက်သည့် အကျိုးသက်ရောက်မှုများရှိလာကြောင်း ၎င်းအဖွဲ့အစည်းက ပြောကြားသည်။ ဇီဝလောင်စာဆီသုံးစွဲရေးအတွက် လောင်စာဆီရောင်းခွန်များကို လျှော့ချရေး ဆောင်ရွက်သင့်ကြောင်းနှင့် ၎င်းကဲ့သို့ဆောင်ရွက်ခြင်းဖြင့် စွမ်းအင်ဖူလုံမှုကို ထောက်ကူပေးမည်ဖြစ်ကာ စွမ်းအင်ဝယ်ယူရာတွင် နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချနိုင်၍ ပြည်တွင်း စားအုန်းဆီထုတ်လုပ်မှုကို ထောက်ကူနိုင်ပြီး ကျေးလက်ဒေသခံများအတွက် လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းအဖွဲ့အစည်းက ပြောကြားသည်။
ယခုလက်ရှိဖြစ်နေသည့် စွမ်းအင်ဆိုင်ရာ အခက်အခဲသည် မလေးရှား နိုင်ငံအတွက် စိန်ခေါ်မှု တစ်ရပ်သာမဟုတ်ဘဲ ပြည်တွင်း စွမ်းအင်ကဏ္ဍအတွက် အခွင့်အရေးများကို ယူလာခဲ့ကြောင်း ၎င်းအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments