တရုတ်ချယ်ရီကားကုမ္ပဏီ ထိုင်းနိုင်ငံ၌ လျှပ်စစ်ကားစက်ရုံဖွင့်လှစ်
ဗန်ကောက် ဧပြီ ၂၁
တရုတ်နိုင်ငံမှ ချယ်ရီကားကုမ္ပဏီနှင့် ၎င်း၏ လုပ်ငန်းခွဲများဖြစ် သည့် OMODA နှင့် JAECOO တို့သည် ထိုင်းနိုင်ငံ၌ လျှပ်စစ်ကား စက်ရုံတစ်ခုကို ဧပြီ ၂၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ချယ်ရီကား အမှတ်တံဆိပ်အား ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွင် ထိုးဖောက်နိုင်ရေး ဆောင်ရွက်ချက်ဖြစ်သည်။
ရနောင်းပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိသည့် ၎င်းစက်ရုံသည် အဆင့်မြင့်နည်းပညာဖြင့် တည်ဆောက်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ်လျှင် ကားအစီးရေ ၈၀၀၀၀ ကို ထုတ်လုပ်နိုင်ရန်ဆောင်ရွက် မည်ဖြစ်သည်။ ချယ်ရီကားကုမ္ပဏီသည် ထိုင်းနိုင်ငံကို ၎င်း၏ ဒေသတွင်း လျှပ်စစ်ကားထုတ်လုပ်ရေး ဗဟိုချက်ဖြစ်လာစေရေး ဆောင်ရွက်မည်ဟု စက်ရုံဖွင့်ပွဲအခမ်းအနားတွင် ချယ်ရီကားကုမ္ပဏီမှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ချန်ချမ်ကွမ်က ပြောကြားသည်။ ထိုင်းနိုင်ငံဈေးကွက်တွင် အလိုအလျောက် မောင်းနှင်သည့် စနစ်၊ ယာဉ်မောင်းနှင့် ခရီးသည်များ ကားပေါ်မှ ဆင်းပြီးနောက် ကားသည် ရပ်နားရန်နေရာကို အလိုအလျောက် ရှာဖွေရပ်နားသည့်စနစ်အပါအဝင် ဉာဏ်ရည်တုနည်းပညာများပါဝင် သည့် လျှပ်စစ်ကားများကို မိတ်ဆက်ရောင်းချနိုင်ရေး ချယ်ရီကား ကုမ္ပဏီက ဆောင်ရွက်မည်ဟု ၎င်းကပြောကြားသည်။
ချယ်ရီကားကုမ္ပဏီ၏ ဆောင်ရွက်ချက်သည် ၂၀၃၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံကားထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်ကားများဖြစ်ရမည်ဟူသည့် ထိုင်းအစိုးရ၏ ရည်မှန်းချက်နှင့် ကိုက်ညီမှုရှိကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံးဝန်ကြီး ဆူပါမတ်အစ်ရာဗာဒီက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ

No comments