နှစ်သစ်အကူး လတန်ခူးနှင့် ရိုးရာသင်္ကြန်ပွဲတော်
ကိုယဉ်ချစ်(မန္တလေး)
မြန်မာပြက္ခဒိန်၏
၁၂ လတွင် တန်ခူးလသည် နှစ်သစ်၏ ပထမဆုံးလဖြစ်ပြီး မြန်မာတို့၏ နှစ်သစ်ကူးကာလလည်းဖြစ်သည်။ တန်ခူးသည် တာကူးဆိုသည့်
ဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်ပြီး တာဆိုသည်မှာ အချိန်ရာသီ။ ကူးဆိုသည်မှာ ကူးပြောင်းခြင်းအနက်ရှိသည်။
တနင်္ဂနွေဂြိုဟ်သည် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းသည်ကို အကြောင်းပြု၍ တာကူးမှ
တန်ခူးဟု ကာလရွေ့လျော ခေါ်ဆိုလာခြင်းဖြစ်ကြောင်း မှတ်သားရပါသည်။ ဤကာလသည်
ထန်းသီးများခူးဆွတ်သည့် ရာသီဖြစ်၍ ထန်းခူးလမှ တန်ခူးလဟု ပြောင်းလဲခဲ့သည်ဟုလည်း
ဆိုကြသည်။
မြန်မာ့ဆယ့်နှစ်လရာသီ
ပွဲတော်များသည် ပျော်ပွဲရွှင်ပွဲသက်သက်မဟုတ်ဘဲ လေးနက်သည့် အဓိပ္ပာယ်များဖြင့်
ကျင်းပသည့် ပွဲတော်များဖြစ် သည်။ လတိုင်းတွင် ရာသီ၊ နက္ခတ်၊ ရာသီပန်း၊ ပွဲတော်၊
တာရာ၊ ရတု၊ ရွာသွန်းသည့်မိုး၊ ရာသီရုပ်နှင့် ပွဲတော် စသည့်သတ်မှတ်ချက်များရှိသည်။
တန်ခူးလ၏ ပုံရိပ်ကိုပေါ်လွင်အောင် ထည့်သွင်းစပ်ဆိုခဲ့
တန်ခူးလ၏ ရာသီမှာ
မိဿရာသီ၊ နက္ခတ်မှာ စိတြနက္ခတ်၊ ရာသီပန်းမှာ ကံ့ကော်ပန်း၊ တာရာမှာ တံငါတာရာ၊
ရတုမှာ ဝသန္တရတု၊ မိုးမှာ ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး၊ ရာသီရုပ်မှာ
ဆိတ်သတ္တဝါ၏ပုံနှင့် ပွဲတော်မှာ ရေသဘင်ပွဲတော် (သင်္ကြန်ပွဲတော်) ဖြစ်သည်။ တန်ခူးလသည် ရက်မစုံလဖြစ်၍ ရက်ပေါင်း ၂၉ ရက်ရှိပြီး
နေ့တာညတာ တူညီသောလဖြစ်သည်။ စက်နာရီအရ နံနက် ၆ နာရီတွင် နေထွက်၍ ညနေ ၆ နာရီ တွင်
နေဝင်သည် ။ ဗေဒင်အသုံးအနှုန်းများအရ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များသည် ရက်ရာဇာ
ဖြစ်ပြီး ကြာသပတေးနေ့နှင့် စနေနေ့များသည် ပြဿဒါးရက်များဖြစ်သည်။ နဂါးဦးခေါင်းမှာ
အနောက်အရပ်သို့ ပြုသည်။ တန်ခူးလသည် ပူပြင်းခြောက်သွေ့လာပြီး သစ်ပင်ပန်းမန်များသည်
ရွက်ဟောင်းများကြွေ၍ ရွက်သစ်များ ဝေစပြုချိန် ဖြစ်သည်။ သာဆန်းရဂုံဘွေပတ်ပျိုးတွင်
“သာဆန်း ငယ်သည့်ရဂုံဘွေ၊ ညင်းလေပြေလောင်း၊ ညှာခြေ စိမ်းရင့်မောင်း၊
ညောင်းရွက်ကယ်တည့် ကြွေကြွေ လေဟန်၊ မြညှာရွှေရည်လျှံ----”ဟု တန်ခူးလ၏
ပုံရိပ်ကိုပေါ်လွင်အောင် ထည့်သွင်းစပ်ဆိုခဲ့သည်။
တောင်အရပ်မှ
တိုက်ခတ်လာသော လေရူးများနှင့်အတူ ဥသြငှက်တွန်သံများ ကြားကြရသည်။ မြူခိုးနှင့်
တိမ်ရောယှက်လိမ်၍၊ တိမ်နှင့်တောင်ခိုး၊ တောင်ကိုမိုး၍ ကောင်းကင်ယံ၌
မင်းလွင်မြူခိုးများ ကြီးစိုးနေကြသည်။ အရပ်ရှစ်မျက်နှာတွင် မြူများဆိုင်းနေသည်။
တောင်များတွင်လည်း တောင်ခိုးများ ဝေနေကြသည်။ တောင်ခိုးဝေ၍ မြူခြေဆိုင်းသည့်
တောတောင်ရေမြေသဘာဝများသည် တစ်မူ ထူးခြားလှပနေသည့် အခါသမယဖြစ်သည်။
ရာသီပန်းဖြစ်သော
ကံ့ကော်ပန်းတို့သည် အလှချင်းဆိုင်ဂုဏ်ပြိုင်နေကြသည်။ ကံ့ကော်ဝတ်မှုန် သင်းသည့်
ရဂုံကြောစုံတောခြေတွင် သိင်္ဂီပွင့်ချပ် ရင်ခတ် သရဖီပန်းတို့လည်း သင်းရနံ့ကြိုင်၍
မွှေးပျံ့နေကြသည်။ တပေါင်းလတွင် စတင်ဖူးပွင့်တတ်သော ပိတောက်ပန်းများသည်လည်း
တန်ခူးလတွင် ဆက်လက်ဖူးပွင့်နေကြသည်။ ရာသီပွဲတော် သင်္ကြန်အတာရေသဘင်ပွဲနှင့် ပိတောက်ပန်းတို့သည်
လိုက်ဖက်ညီ၍ တန်ခူးလ၏ သရုပ်ကို ပိုမိုပေါ်လွင် စေသည်။
တန်ခူးလ၏
အလှထူးသည့် သရုပ်ဖော်မှုများကို ရှေးမြန်မာ စာဆိုရှင်ကြီးများက လွမ်းချင်း၊
လူးတား၊ လေးဆစ်သဖြန်၊ လေးချိုး၊ အိုင်ချင်း၊ တေးထပ် စသည်တို့ဖြင့် ရေးစပ်ဖွဲ့နွဲ့
သီကုံးခဲ့ကြသည်။ ထိုစာကဗျာများသည် ယနေ့တိုင်အောင် ထင်ရှား နေဆဲဖြစ်သည်။
ညောင်ရမ်းခေတ်စာဆို
ဆီသည်ရွာစား ဦးအောင် ကြီးက “ ---- ကောင်းကင်မိုးလ၊ စိတြနှင့်၊ မိဿ ရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊
ကံ့ကော်ရင်ခတ်၊ ပင်တိုင်းညွတ်လျက်၊ ပွင့်ဖတ်ဝေဝေ၊ တောင်လေ ဖြူးဖြူး၊ လတန်ခူးကို၊ မြူးထူးပျော်ရွှင်၊
တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လွရရွတည့် ၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့်၊
ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ --- ”ဟု ဆယ့်နှစ်လ
ရာသီဖွဲ့လူးတားကို စပ်ဆိုခဲ့သည်။
ဒုတိယကုန်းဘောင်ခေတ်စာဆို
ဖိုးသူတော်ဦးမင်းကလည်း “ဟောင်းရွက်ညှာခါ လှစ်လို့၊ တာသစ်ကယ်တဲ့ နံ့ကြိုင်။
သုတ်ဖြူးလေဆော်ကာ၊ ပန်းကံ့ကော်ဝတ်မှုန်ကျင်း၊ သင်းပျံ့လို့လှိုင်။ ကြယ်
နှစ်ပြိုင်၊ သွယ်ဆိုင်ပဝင်း၊ စိတြငယ်နှင့်၊ ငွေလသော်တာတို့၊
ယုဂန်ချာတောင်တော်စွန်းမှာ၊ ထွန်းထိန် လို့လင်း”ဟု လေးဆစ်သဖြန်ဖြင့်
သီကျူးဖွဲ့ဆိုခဲ့သည်။
မဟာအတုလမင်းကြီးက
“နွေခါမီဝယ်၊ ရာသီ မိဿ၊ ဂိမှာနမို့၊ စိတြကြယ်၊ မိုးတိမ်လယ်မှာ၊ စံပယ် ကွန့်ကာ၊
တိမ်ဗွေချာဝယ်၊ ဒေသစာလှမ်း၊ လှည့်လည် ငယ် မြန်းလို့၊ နှစ်ဆန်းငယ်သင်္ကြန်၊ သစ်သစ်သာ ဖန်တော့တယ်”ဟု လွမ်းချင်းစပ်ဆိုခဲ့သည်။
ကုသိုလ်ရေးပြုရန် စိတ်အားထက်သန်
တန်ခူးရေကုန်၊
ကဆုန်ရေခန်းဆိုစကားအတိုင်း တန်ခူးလတွင် ပူပြင်းခြောက်သွေ့လာခြင်းကြောင့်
မြစ်ချောင်းများသည် ရေစီးမသန်တော့ဘဲ ဖြည်းညင်းသာယာစွာ စီးဆင်းနေကြသည်။ ဤကာလတွင် ငါးကြင်းတွေဆန်၊ ငါးတန်တွေမြူးကြသည်။
ရေလုပ်သား ကိုတံငါတို့သည် မြစ်ရိုးတစ်လျှောက်တွင် ပိုက်ချ ငါးဖမ်းသည့်အလုပ်များကို
လုပ်ကိုင်နေကြသည်။ ကမ်းစပ်သောင်ခြေ အချို့နေရာများတွင် ကျွန်းကလေးများ
ထွန်းပေါ်လာသည်။ သဲသာသောင် ခြေများတွင် ဟင်္သာသောင်တင်း၊ ရွှေပိန်ညင်းငှက် လေးများ
လည်ချင်းယှက်၍ ပျော်ရွှင်မြူးထူးနေကြသည်မှာ သာယာလွမ်းမောဖွယ် တန်ခူးလ၏ ပုံရိပ်
များဖြစ်ကြသည်။ လယ်ယာလုပ်ငန်းခွင်များတွင် သီးနှံများရိတ်သိမ်းပြီးချိန်ဖြစ်သည်။
တောင်သူ လယ်သမားများအနေဖြင့် စိုက်ပျိုးထွက်ရှိခဲ့သည့် သီးနှံများကို ရောင်းချ၍
ရှင်ပြုနားသ အလှူပွဲများမှအစ ကုသိုလ်ရေးပြုရန် စိတ်အားထက်သန်နေကြသည့်
ကာလလည်းဖြစ်သည်။
ထန်းလုပ်သားများက
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးများလွယ်လျက် ထန်းတက်၊ ထန်းလှီးသည့် အလုပ်များကို
အားကြိုးမာန်တက်လုပ်ကိုင်နေကြသည်မှာ မည်သည့်နိုင်ငံတွင်မှ မမြင်တွေ့နိုင်သည့်
မြင်ကွင်းများကို မြင်တွေ့ကြရသည်။
တန်ခူးလအတွင်းကျရောက်သည့်
တပ်မတော်နေ့ကိုလည်း နှစ်စဉ်မပျက် ခမ်းနားထည်ဝါစွာ ဂုဏ်ပြု ကျင်းပခြင်းကြောင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို
ထမ်းဆောင်နေကြသည့် တပ်မတော်သား များ၏ စစ်ရေးပြအခမ်းအနားများ၊ မြန်မာ့တပ်မတော်
(ကြည်း၊ ရေ၊ လေ)၏ စွမ်းအား၊ စွမ်းပကားများကိုလည်း မြင်တွေ့ကြရသည်။
ရေသဘင်ပွဲတော်(သင်္ကြန်ပွဲတော်)
တန်ခူးလသည်
မြန်မာပြက္ခဒိန်လ၏ ပထမဆုံးလဖြစ်သည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲများတွင်
တန်ခူးလ၏ ပွဲတော်မှာ သင်္ကြန်ပွဲတော်ဖြစ်သည်။ နှစ်ဟောင်းမှ နှစ်သစ်သို့
ကူးပြောင်းသည့် ကာလဖြစ်၍ နှစ်သစ်ကူးပွဲတော်၊ နှစ်ဟောင်းမှ အညစ်အကြေးများကို
ရေဖြင့်ဆေးကြောသည့် အတာရေသဘင်ပွဲတော် (သင်္ကြန်ပွဲတော်)ကို ပျော်ရွှင်စွာ
ကျင်းပသည့် အခါသမယဖြစ်သည်။
သင်္ကြန်ဆိုသည်မှာ
သင်္ကြာန္တိဟူသည့် သက္ကတပုဒ်မှ ပြောင်းလဲလာသည့် မြန်မာဝေါဟာရဖြစ်သည်။
“သင်္ကြန်အတာဟူသည်ကား ရောက်သောအဖို့ တာဝန်ဟူသောအနက်ကို ယူသင့်၏။ ဤ၌ သဘော အားဖြင့်
နှစ်သစ် ၊ နှစ်ဦးဆန်းခြင်းသည် တနင်္ဂနွေ၊ တနင်္လာ စသည်ဖြင့် အလှည့်အလည် ရောက်သော
အဖို့ တာဝန်ဖြစ်၍ တနင်္ဂနွေအတာ၊ တနင်္လာအတာ စသောဆိုမိန့်ခြင်းဖြစ်၏” ဟု
ဒုတိယကျော်အောင် စံထား ဆရာတော်က ဝေါဟာရတ္ထပကာသနီကျမ်းတွင် ဆိုခဲ့သည်။ ထို့အတူ
လှေသင်းအတွင်းဝန်က လည်း ဝေါဟာရလိနတ္ထဒီပနီကျမ်းတွင် “ အချို့သူတို့မှာ မိန်ရာသီမှ
မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် သင်္ကြန်အတာ ကူးပြောင်းသောကြောင့် တာကူးလဟု
ယူကြသည်”ဟု ဖွင့်ဆိုခဲ့သည်။
တချို့က
သင်္ကြန်သည် သင်္ကန္တပါဠိပုဒ်မှ ဆင်းသက်လာသည့်ဝေါဟာရဟု ယူဆကြသည်။ သင်္ကြန် ဆိုသည့်
ဝေါဟာရသည် ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်းဟု အနက်ရသည်။ မြန်မာအဘိဓာန် တွင်
သင်္ကြန်ဆိုသည်မှာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့်ကာလ။ ရေပက်ဖျန်းသည့်
နှစ်သစ် ကူးပွဲတော်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
သင်္ကြန်ပွဲတော်ကို
ရှေးမြန်မာမင်းများလက်ထက်ကတည်းကပင် ကျင်းပခဲ့ကြသည်။ ပုဂံခေတ်မှ စတင် ကျင်းပခဲ့ဟန်ရှိပြီး
ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် စသည့်ခေတ်အဆက် ဆက်၌
ကျင်းပခဲ့ကြောင်း ရှေးစာဆိုပညာရှင်ကြီး များ၏ စာပေအထောက်အထားများအရ သိရပါ သည်။
ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် မန္တလေး ရတနာပုံနေပြည်တော်ခေတ်၌ အစည်ကားဆုံးဖြစ်
ခဲ့သည်ဟုလည်း ဆိုကြသည်။
တစ်နည်းဆိုရသော်
သင်္ကြန်ပွဲတော်သည် မြန်မာတို့၏ ခေတ်အဆက်ဆက် ရိုးရာအစဉ်အလာ မပျက်
ထိန်းသိမ်းစောင့်ရှောက်ကျင်းပလာခဲ့သည့် ပွဲတော်ကြီးဖြစ်သည်။
မြန်မာတို့၏
သင်္ကြန်ပွဲတော်သည် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်
ခံထားရသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ ပွဲတော်တစ်ခုဖြစ်သည်။
ရေလောင်း၊
ရေပက်ကြသည်မှာ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းချိန်တွင် နှစ်ဟောင်းမှ
အညစ်အကြေးများကို ရေဖြင့်ဆေးကြောခြင်း၊ အပူဒဏ်ကို ရေဖြင့်အေးမြစေခြင်း
စသည့်ရည်ရွယ် ချက်များဖြင့် ပြုလုပ်ကြခြင်းဖြစ်သည်။ ရှေးခေတ်
သင်္ကြန်ပွဲတော်များတွင် သပြေခက်ဖြင့် ယဉ်ကျေးစွာ ရေပက်ကစားခဲ့ကြကြောင်း
မှတ်သားရသည်။
သင်္ကြန်ကာလကို
အကြိုနေ့၊ အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့ဟု လေးရက်တိုင်တိုင် ကျင်းပ ကြသည်။
ရက်ထပ်နှစ်များတွင် အကြတ်ရက်နှစ်ရက်ဖြစ်၍ ငါးရက်ကျင်းပကြသည်။ ထူးခြား လေးနက်သည့်
အခါသမယဖြစ်၍ သင်္ကြန်ရက်များ ကို အခါတွင်း၊ အခါကြီးရက်ကြီးနေ့ဟုလည်း ဆိုကြ သည်။
ရှေးအစဉ်အဆက်ကတည်းက ကျင်းပခဲ့သည့် သင်္ကြန်ပွဲတော်သည် ရေပက်ကစားခြင်း၊ ကုသိုလ်
ကောင်းမှုပြုခြင်းများနှင့် ယဉ်ကျေးမှုအစဉ်အလာ ကောင်းကို
ထိန်းသိမ်းစောင့်ရှောက်ကြသည့် ပွဲတော် ဖြစ်သည်။
သင်္ကြန်တွင်း၌
ရေပက်ရေလောင်း၍ ပျော်ရွှင်ကြသည်သာမက ကုသိုလ်ရေးဖြစ်သည့် ဘုရားစေတီ များ၊
နေအိမ်များရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ရေသပ္ပာယ်ပူဇော်ခြင်း၊
ဥပုသ်သီလဆောက်တည် ခြင်း၊ သင်္ကြန်ကာလအတွင်း ဒုလ္လဘဝတ်ခြင်း၊ သက်ကြီးဘိုးဘွားများ
ခြေသည်းလက်သည်း ညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ မိဘများနှင့် ဆရာများအား
ဂါရဝပြုကန်တော့ခြင်း၊ မုန့်လုံး ရေပေါ် စသည့်အစားအစာများ စတုဒိသာ ကျွေးမွေးကုသိုလ်ပြုခြင်းများကို
အစဉ်အလာမပျက် ပြုကြသည်။ သင်္ကြန်ရက်များအတွင်း မကောင်းသော အမှုကိစ္စများကို
ရှောင်ကြဉ်ကြပြီးကောင်းမှု ကုသိုလ်များ ကိုသာ ပြုကြသည်။
မြန်မာသက္ကရာဇ်
၁၃၈၇ ခုနှစ်သည် တန်ခူး လပြည့်ကျော် ၁ ရက်နေ့သင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ ရက်)တွင်
ကုန်ဆုံး၍ တန်ခူးလပြည့်ကျော် ၂ ရက်နေ့ (ဧပြီလ ၁၇)ရက်နေ့သည် ၁၃၈၈ ခုနှစ်၏
မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည်။ နှစ်ဟောင်း ကို နှုတ်ဆက်၍
နှစ်သစ်ကိုကြိုဆိုသည့် သင်္ကြန် ပွဲတော်သည် ရှေးအစဉ်အလာမပျက် ကျင်းပခဲ့သည့်
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်ပါသည်။
ရိုးရာအစဉ်အလာကောင်းများကို
ဆက်လက်ထိန်းသိမ်း၍ တန်ခူးလ၏ သင်္ကြန်ပွဲတော်ကြီးကို ယဉ်ကျေးသိမ်မွေ့စွာ
ပါဝင်ဆင်နွှဲသွားကြရန်နှင့် နှစ်သစ်တွင် လူသစ်စိတ်သစ်ဖြင့် မိမိအကျိုး၊ အများ
အကျိုးနှင့် နိုင်ငံတော်၏အကျိုးများကို ခွန်အားအသစ်များဖြင့်
ဆောင်ရွက်သွားနိုင်ကြပါရန် ရေးသားလိုက်ရပါသည်။ ။
No comments