တူကီယဲနိုင်ငံအရှေ့တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်း၌ ပစ်ခတ်မှုဖြစ်
အန်ကာရာ ဧပြီ ၁၄
တူကီယဲနိုင်ငံ
အရှေ့တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်း၌ ဧပြီ ၁၄ ရက် တွင် ကျောင်းသားဟောင်း တစ်ဦးက
သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ကျောင်းသား အနည်းဆုံး ၁၆ ဦး ထိခိုက်
ဒဏ်ရာရရှိကြောင်း ဒေသခံ သတင်း မီဒီယာက ပြောကြားသည်။ နိုင်ငံအရှေ့တောင်ပိုင်း
ဆန်လီဖာပြည်နယ် ဆီယီရတ်ခရိုင်ရှိ အာမတ်ကိုယန်ကူ သက်မွေးဝမ်းကျောင်း အတတ်ပညာ
အထက်တန်းကျောင်းတွင် ယခုပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည်။
၎င်းသည်
ကျောင်းစင်္ကြံတစ်လျှောက်ရှိ လမ်းလျှောက်နေသူများကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက်
မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ ၎င်းသည် ယခင်ကပြစ်မှုမှတ်တမ်းဟောင်းရှိသူ
မဟုတ်ကြောင်း ဆန်လီဖာပြည်နယ် အုပ်ချုပ်ရေးမှူး ဟက်ဆန်ဆီဒတ်က ပြောကြားသည်။
ဖြစ်စဉ်ကြောင့် ကျောင်းသား ၁၀ ဦး၊ ဆရာလေးဦး၊ ကော်ဖီဆိုင်ဝန်ထမ်း တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတို့
ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုကဲ့သို့ ကြုံတောင့်ကြုံခဲဖြစ်ရပ်ကြောင့်
ကျောင်းသားများ၏ လုံခြုံရေးကို ကြီးမားစွာ ထိခိုက်မှုမရှိသော်လည်း ဖြစ်စဉ်ကို
အသေးစိတ်စစ်ဆေးမည်ဟု ၎င်းကပြောကြားသည်။ ကျောင်းသားများအား ယခုဖြစ်စဉ်ကြောင့်
စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်း မရှိစေရေးအတွက် ဆွေးနွေးခြင်းများ
ဆောင်ရွက်မည်ဖြစ်သဖြင့် ကျောင်းသားများကို လေးရက်ကြာ ပညာသင်ကြားမှု
ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆာလီဖာပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး အဆန်
ဆူတန်နိုလူက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
No comments