ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းခြင်း ကြည့်ရှုအားပေး တောင်သူများသို့ မိုးစပါးအတွက် မျိုးစပါး၊ မျိုးစေ့ချကိရိယာ၊ ကော်ဖီပျိုးပင်များပေးအပ်

 


ရန်ကုန် ဧပြီ ၂၂

 

၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ တောင်သူများသို့ မိုးစပါးအတွက် မျိုးစပါး၊ မျိုးစေ့ချ ကိရိယာ၊ ကော်ဖီပျိုးပင်များပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာ တောင်သူဦးဝင်းကြည်၏ လယ်မြေ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တွံတေးခရိုင်အတွင်းရှိ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တွံတေးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးအတွင်း မျိုးစေ့ချကိရိယာများ ဖြန့်ဝေအသုံးပြုမှုနှင့် ဆိုလာများ ဖြန့်ဝေအသုံးပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တောင်သူများအား မိုးစပါးအတွက် မျိုးစပါး၊ မျိုးစေ့ချ ကိရိယာ၊ ကော်ဖီပျိုးပင်များ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)နှင့် နှစ်ချပ်တွဲ ဆိုလာများကို ပေးအပ်ကြပြီး ပြသထားသည့် စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများ၊ အနိမ့်တင် ဆိုလာရေတင်စက်များ၊ နွေစပါးစံကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု၊ မျိုးစေ့ချကိရိယာများ၊ ကော်ဖီပျိုးပင်များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ စသည်တို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့ နွေစပါး စံကွက်ရိတ်သိမ်းပွဲတွင် တောင်သူဦးဝင်းကြည်၏ လယ်မြေကို စိစစ်ရိတ်သိမ်းရာ တစ်ဧကလျှင် အောင်နိုင်တိုးစပါး မျိုးစပါး အခြောက် ၁၃၆ ဒသမ ၆၉ တင်း ထွက်ရှိကြောင်း သိရသည်။

 

ယင်းနောက် ကွမ်းခြံကုန်းမြို့နယ် ကမာပါကျေးရွာ တောင်သူ ဒေါ်တင့်နှင့် ဒေါ်ဥမ္မာနီတို့၏ လယ်မြေတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာမူလတန်း ဆရာ ဆရာမများအား အင်္ဂလိပ်စာ အရည်အသွေး တိုးတက်မှုမြှင့်တင်ရေး (Main  Course) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြိုနယ် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀)၏ ရည်မှန်းချက်ပန်းတိုင်များနှင့် မဟာဗျူဟာမြောက် အပြောင်းအလဲများကို အောင်မြင်မှုရရှိစေရန်၊ မူလတန်းပြ ဆရာ ဆရာမများအား အင်္ဂလိပ်စာဖတ်ခြင်း၊ ရေးခြင်း၊ ပြောခြင်း၊ နားထောင်ခြင်း စွမ်းရည် လေးမျိုး ကျွမ်းကျင်သူများဖြစ်စေရန်၊ ပညာကို အခြေခံသည့် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု များကိုအသုံးချကာ ဆရာ ဆရာမများ၏ စုပေါင်း စွမ်းပကားဖြင့် နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်၊ လူတော်လူကောင်းများ မွေးထုတ်ပေးကြရန်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပညာရေးမြှင့်တင်မှုလုပ်ငန်းများတွင် နိုင်ငံတော် အစိုးရနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က လက်ခံရယူပြီး သင်တန်းနှင့်ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ သင်တန်းသင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ အဆိုပါသင်တန်းကို နည်းပြများက ဆရာ ဆရာမ ၇၀၀ အား ဧပြီ ၂၀ ရက်မှ မေ၂၂ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

 

ဆက်လက်၍ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ အဝင်/ အထွက်လမ်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)

No comments

Powered by Blogger.