မူဆယ်မြို့၌ တတိယအကြိမ်မြောက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
မူဆယ် ဧပြီ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် တတိယအကြိမ်မြောက် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မူဆယ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ချယ်ရီဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သာသနာရေးမှူး ဦးအောင်ဆွေက သင်တန်းပို့ချမည့် အစီအစဉ်များအား ဖတ်ကြားသည်။ ယင်းနောက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီက လှူဒါန်းငွေကျပ် သိန်း ၃၀ အား ဒုတိယဗိုလ်မှူးကြီး တင်မောင်ဝင်းကလည်းကောင်း၊ ခရိုင်လဝကမှူး ဦးထွန်းဇော်ဦးက လှူဒါန်းသည့်ငွေကျပ်ငါးသိန်း၊ ဓမ္မစကူးဖောင်ဒေးရှင်းက ငွေကျပ် ၁၀ သိန်း၊ ပြင်ပအလှူရှင် ဦးချမ်းအေး မိသားစုက ငွေကျပ်ငါးသိန်း၊ သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာအုပ်များ၊ စာရေးကိရိယာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါသင်တန်းကို သာသနာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား ၁၅၀ ကျော်ကို သင်တန်းနည်းပြရှစ်ဦးတို့က ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)

No comments