ငါး/ပုစွန်သားပေါက်သည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် ကမ်းဝေးငါးဖမ်းရေယာဉ်များ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများသတ်မှတ်
မြိတ် ဧပြီ ၁
ငါး/ပုစွန်သားပေါက်ပွားသည့် ရာသီချိန်၌
ငါးနှင့် သက်ရှိသယံဇာတများ ထိန်းသိမ်းနိုင်ရေးအတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းရှိ
ငါးဖမ်းကွက်များအတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ဧပြီ ၁ ရက်မှစတင်ကာ ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရ ဧရိယာများကို ငါးလုပ်ငန်းဦးစီးဌာနက
ငါးမဖမ်းရ ကာလ သုံးလ သတ်မှတ်ဆောင်ရွက်ခဲ့ရာ ငါးဖမ်းရေယာဉ်များ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။
“ ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ
ကာလ၊ ငါးမဖမ်းရ ဧရိယာများ သတ်မှတ်ရတဲ့ အဓိကအကြောင်းအရင်းက ငါးမျိုးပြုန်းတီးမှုကာကွယ်ဖို့၊
ငါးသယံဇာတများ တိုးပွားလာဖို့အတွက် ရည်ရွယ်ပြီးတော့ ငါးများ ပေါက်ပွားနိုင်တဲ့ ရာသီမှာ
ထိန်းသိမ်းတဲ့အနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု မြိတ်ခရိုင် ငါးလုပ်ငန်း
ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းဦးက ပြောသည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း
ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေး ငါးဖမ်း ရေယာဉ်များအားလုံးကို ငါးမဖမ်းရကာလနှင့်
ငါးမဖမ်းရ ဧရိယာများအတွင်း ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ငါးဖမ်းဆီးခြင်းမပြုလုပ်ရန်
တားမြစ်ထားပြီး မတ် ၃၁ ရက် နောက်ဆုံးထားရှိ၍ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်ကြရန်
ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားထားသည်။
ငါးမဖမ်းရရာသီ ငါးမဖမ်းရကာလ စတင်သတ်မှတ်ချက်များကို
ညွှန်ကြားချက် ထုတ်ပြန်ချက်များ ဆောင်ရွက်ခြင်းအပေါ် ငါးဖမ်းလှေများအနေဖြင့် ဆိပ်ကမ်းများသို့
ပြန်လည်ဝင်ရောက်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ဆိပ်ကမ်းများသို့ ပြန်လည် ဝင်ရောက်လာခြင်းမရှိပါက
စည်းကမ်းပျက်သည့် ငါးဖမ်းလှေများကို ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ငါးဖမ်းလှေများကို
VMS ထိန်းချုပ်ရေးစင်တာက စောင့်ကြည့်လျက်ရှိရာ ယနေ့တွင်
ပင်လယ်ပြင်၌ ငါးဖမ်းလှေများ မရှိသလောက် ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။
ငါးမဖမ်းရ ကာလ၊ ငါးမဖမ်းရ ဧရိယာများ
သတ်မှတ်ဆောင်ရွက်ခြင်းသည် ငါးများပေါက်ပွား နိုင်သည့်ရာသီတွင် ငါးနှင့်သက်ရှိသယံဇာတများ
ထိန်းသိမ်းနိုင်ရန် သုတေသနရလဒ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တနင်္သာရီကမ်းရိုးတန်း
ပင်လယ်ရေပြင်၏ ငါးနှင့်ငါးနေထိုင်ကျက်စားသည့် ရေအောက်ဇီဝဗေဒအခြေအနေများနှင့် မြန်မာ့
ငါးလုပ်ငန်းရေပြင်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စွာ တည်ရှိစေရန် သုတေသနပညာရှင်များဖြင့်
သုတေသနလုပ်ငန်းကို ဖေဖော်ဝါရီလတွင် မီတာ
၂၀ အောက် တနင်္သာရီကမ်းရိုးတန်းရေပြင်၌ ရက်ပေါင်း ၃၀ ကြာ ငါးသယံဇာတသုတေသနပြုလုပ်ငန်းများ
ဆောင်ရွက်ခဲ့ကြပြီးဖြစ်သည်။
တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် မြိတ်ခရိုင်
အခြေပြု ကမ်းဝေးငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသည့် ငါးဖမ်းရေယာဉ် ၁၁၈၆ စင်းရှိကာ ရေလုပ်သားဖြင့်
ရေလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)

No comments