စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများ လိုက်လံကြည့်ရှု



မုံရွာ ဧပြီ ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည်ယနေ့သင်္ကြန် အကြတ်နေ့နံနက်ပိုင်းတွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပသည့်နေရာသို့ သွားရောက်ကြည့်ရှု အားပေးကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် လမ်းလျှောက်သင်္ကြန် ပြုလုပ်လျက် ရှိသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ် / စွမ်းအင် / လမ်းပန်း ဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာ မဏ္ဍပ်များရှိ ယိမ်းလှပျိုဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေမှု၊ မြို့နေပြည်သူများ တပျော်တပါး ပါဝင်ဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ မုံရွာမြို့၊ MSME လုပ်ငန်း ဒေသထွက်ကုန် တစ်ခုဖြစ်သည့် ပွဲတော်အုပ် လက်ဖက်နှင့် နှစ်ပြန်ကျော် စားသောက်ဖွယ်ရာများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးသည်။

 

ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်

ယင်းနောက် အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန် ပွဲတော်သို့ ပါဝင်ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒိသာကျွေးမွေးနေမှုများနှင့် ဌာနဆိုင်ရာမဏ္ဍပ်များအလိုက် စတုဒိသာကျွေးမွေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး မြို့နေ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.