ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စစ်တွေမြို့ပေါ်ရှိ လမ်းလျှောက်သင်္ကြန် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ
စစ်တွေ ဧပြီ ၁၅
ရခိုင်ပြည်နယ်
ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်္ကြန်အကျနေ့
နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး
ဆွမ်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ
ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများက စစ်တွေမြို့ပေါ်ရှိ
ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ဆရာတော်ကြီးများအားဆွမ်းနှင့်
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊
ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့
သင်္ကြန်အကျနေ့မှ သင်္ကြန်အတက်နေ့အထိ နေ့စဉ် ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို
ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ညနေပိုင်းတွင်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည်
ဗဟိုမဏ္ဍပ်သို့ သွားရောက်ပြီး သင်္ကြန်ယိမ်းအကအဖွဲ့များ၊ ရခိုင်အဆိုတော်များ၊
တေးသံရှင်များ၏ ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊
ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ရခိုင်ရိုးရာရေကစားမဏ္ဍပ်၌ ရခိုင်ရိုးရာအစဉ်အလာနှင့်အညီ
လောင်းလှေများဖြင့် ရေကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များနှင့်အတူ
ပါဝင်ရေကစားကြသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လမ်းမကြီးရှိ
လမ်းလျှောက် သင်္ကြန်မဏ္ဍပ်သို့ သွားရောက်ပြီး ပြည်သူများနှင့်အတူ
သင်္ကြန်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments